စစ်မှုထမ်းနယ်ကျော်ရောင်းစားပြီး မိသားစုကို ၄ သိန်းပေး လိမ်လည်ထား
နိုဝင်ဘာ ၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်အုပ်စု၊ တမံကြီးရွာက ကိုသန့်စင်ဦး ဆိုသူကို မူးယစ်ရမ်းကားမှုနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း စစ်မှုထမ်းတပ်သားသစ်အဖြစ် အခြားကျေးရွာကို ရောင်းစားလိုက်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ကိုသန့်စင်ဦးကို မူးယစ်ရမ်းကားမှုနဲ့ ရွာထဲကတိုင်တန်းတယ်ဆိုပြီး ပေါက်တော ခမရ-၁၀ က တပ်ကြပ်ကျော်ကျော်နဲ့ အဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး နောက်တရက် မိသားစုက လိုက်သွားချိန်မှာတော့ စစ်မှုထမ်းသင်တန်းကို ပို့ဆောင်လိုက်ပြီလို့ ပြောဆိုခဲ့တယ်လို့ မိသားစု နဲ့ နီးစပ်သူက ဒို့ပြည် ကိုပြောပါတယ်။
“သူ့အမေက ခဏထိန်းသိမ်းထားတယ်ထင်တာပါ။ နောက်ရက်လိုက်သွားတော့ သင်တန်းပို့လိုက်ပြီ ပြီးရင်ဒီတပ်ကိုပြန်ခေါ်ပေးမယ်ပြောပြီး နောက်နှစ်ရက်ကြာတော့ တပ်ကြပ်ကျော်ကျော်ကပဲ ငွေလေးသိန်းနဲ့ ဆန်တအိတ်ကို မိသားစုကို လာပေးသွားတယ်” လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
ကိုသန့်စင်ဦးဟာ အသက်-၃၄ နှစ်အရွယ်ရှိကာ အိမ်ထောင်နဲ့ ကွဲကွာနေတာဖြစ်ပြီး အရက်သောက်ပါက ကြောင်သွားတတ်တဲ့အတွက် ပြည်မြို့နယ်၊ ဝက်ထီးကန်ပြန်လည်ထူထောင်ရေးစခန်းမှာ ၂ လအရက်ဖြတ်ထားရသူဖြစ်သလို လက်ရှိမှာလည်း စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြနေရသူဖြစ်တယ်လို့ သိရပါတယ်။
“စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြနေရသူပါ။ သူကမသောက်ရင်ကောင်းပါတယ်။ မိသားစုတွေကတော့ ပြဿနာလာရှာမှာစိုးလို့ ဘယ်သူ့ကသတင်းမပေးဘဲ ငြိမ်နေကြလို့ အဲလောက်ကြာသွားတာပါ။ သူ့အမေက ဆိုးလို့စစ်ထဲထည့်လိုက်တယ်ထင်နေတာ ပြည်သူ့စစ်အနေနဲ့ ရောင်းစားလိုက်တာမသိဘူး” လို့ ဒေသခံတဦး က ပြောပါတယ်။
ကိုသန့်စင်ဦး ကို ဖမ်းဆီးသွားပြီးနောက် ခမရ-၁၀ ကနေ အင်းမတပ်၊ ပြီးနောက်မှာတော့ နတ်တလင်းမြို့နယ်ရုံးကိုပို့ကာ အဲဒီကတဆင့် မန်ကျည်းပင်ကွင်းရွာ အုပ်ချုပ်ရေးမှူးဆီကို စစ်မှုထမ်းလူစားထိုးဖို့ ရောင်းစားခဲ့ကြတာလို့ ဆိုပါတယ်။
“မန်ကြီးပင်ကွင်းရွာအုပ်ကြီးကတော့ မင်းကိုတို့ရွာအစားဝယ်လိုက်ပြီကျန်တဲ့ကိစ္စမသိဘူး လို့ ပြောတာကိုသိခဲ့ရတယ်။ ခမရ၁၀ တပ်ရင်းမှူးနဲ့တွေ့ချင်တယ်ပြောတာလည်း အတွေ့မခံပါဘူး။” လို့ မိသားစုနဲ့ ရင်းနှီးသူက ဆိုပါတယ်။
လက်ရှိမှာတော့ ကိုသန့်စင်ဦး ကို ဖောင်ကြီးသင်တန်းမှာ ပို့ဆောင်ထားပြီး တပ်ကြပ်ကျော်ကျော်က မိသားစုကို အယုံသွင်းလိမ်လည် ထားဆဲပဲလို့ ပြောပါတယ်။
ပုံစာ-စစ်မှုထမ်းအစားထိုးရောင်းစားခံခဲ့ရသူ ကိုသန့်စင်ဦး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay