“သူခိုးရွှေရ တပြပြ ဓားပြရွှေရ တကြွကြွ”

(သရော်စာ)

နိုဝင်ဘာ ၁၇၊ ၂၀၂၅။

ဒီတလောထဲ ဖတ်မိသမျှသတင်းမှန်သမျှကတော့ မြန်မာ့အငြိမ့်လူပျက်တွေ၊ ဆိုင်းနောက်ထတွေရဲ့ပျက်လုံးတွေမလိုတော့လောက်အောင်ကို ဖြစ်ရပါ့ရောလို့ တွေးရင်းတစ်ယောက်ထဲပြုံးစိစိဖြစ်နေသူ ကျွန်ုပ်ကို..။

“ဟိုင်း ဆာဇေ ဘာတွေများ သဘောတွေ့မနောခွေ့ပြီးပြုံးနေတာတုန်းဗျ”

“အလို မောင်မှတ်ရေ လူပျက်အလုံးငှါးသုံးရရင်တော့ ငါပြုံးနေတာ ရီချင်လို့ပေါ့လကွာ”

“ဘာတွေများရီစရာတွေ့လို့ပါလိမ့် ဆာဇေရာ၊ ဖုန်းထဲကြည့်နေတာကဖြင့်သတင်းတွေပဲဥစ္စာ”

“အေးလကွာ အဲဒီသတင်းထဲမယ် ဇော်မဲလုံးကြီးပြောချလိုက်တာကြည့်ဦးလေ NLD အစိုးရက ဒီမိုကရေစီစနစ်ကိုတဲ့ ရည်ရွယ်ချက်ရှိရှိဖျက်စီးခဲ့လို့ စစ်တပ်ကပြန်လည်တည်ဆောက်ပေးနေသတဲ့လေ ကဲ”

“မပြောနဲ့ဆာဇေရေ၊ သူခိုးက လူ လူဟစ် လူညစ်က ဘုရားဒကာ ဖြစ်နေတာဗျို့”

“ဟုတ်ပ ငါ့လူရာ၊ ဒညင်သီးက အီးတပြန်ဆိုတာ ဒါမျိုးကွ”

“သူခိုးရွှေရ တပြပြ ဒမြရွှေရ တကြွကြွဆိုတာလိုပဲ ဆာဇေရေ၊ ဒမြတိုက်ထားတဲ့နိူင်ငံတော်လေးလက်မှာကိုင်ပြီး ကြွကြွကြွကြွ လုပ်ပြီးလူရာဝင်ချင်နေတာ မြင်မကောင်းဘူးရယ်”

“ဟုတ်သပ ငါ့လူရယ်၊ ဒမြပီသချက်ကြီးကတော့ မစင်ကိုတောင်ရွှေစင်ရွှေသားလို့လိမ်ညာဖို့အရေးကို ဓာတ်ရှင်မင်းသားမင်းသမီးပေါင်း သောင်း၆ထောင်လောက်နဲ့ကြော်ငြာတွေအဓမ္မရိုက်နေလိုက်တာ၊ စားသူမရွံမြင်သူရွံကြီးပါကွာ”

“ဓာတ်ရှင်မင်းသားမင်းသမီးတွေထဲမယ် သူရို့အုပ်စုကိုရွံလို့ထောင်တန်းကျခံခဲ့သူတွေကိုပါထည့်သွင်းတာကြီးကတော့ ညွှန်ချုပ်အေးကြွယ်ဆိုသဟာရဲ့အလွန်ယုတ်တဲ့မလိုတမာ အကွက်ကြီးပါဗျာ”

“အေးကွနော၊ ကမ္ဘာပေါ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်တာငါတော့ ဒီတခါပဲကြားဖူးသလိုပဲ။ အမှန်တစ်ကယ်က ပါတီဆိုတာတွေကသာ မဲဆွယ်ကြရမှာပဲဥစ္စာ။ ဘယ့်နှာ ရွေးကောက်ပွဲလုပ်မယ့်ဟာဒေက ဇွတ်မဲဆွယ်နေကြလဲ မသိဘူးဟေ့”

“မအလ တို့လုပ်လိုက်ရင် ဂလိုချည်းပါပဲ ဆာဇေရာ။ ပါတီစုံဆိုပေမယ့်ပါတီတွေအရမ်းမစုံရအောင်လည်း အုပဒေ များကလည်းစုံလို့ထုတ်ထားရတာ။ သူရို့ရဲ့ကြံ့ဖွတ်ပါတီဆိုတာကြီးကိုလည်း မအလ မျက်စိမမှိတ်ခင် ရာနှုံးပြည့်မဲရသွားစေချင်ပုံရပါတယ်”

“ကြံ့ဖွတ်ကလည်း ဘာမှကိုဘာစရာမလိုပဲ နေရာ ၃၀လောက်က မဲနိူင်ပြီးသားပဲဥစ္စာ၊ မအလကြီးက ဘာတွေစိုးရိမ်နေတာပါလိမ့်”

“ဒစ်ဂျစ်တယ်မဲပေးစက်က ပယ်မဲမရှိဘူးထင်တယ်ဆာဇေရဲ့၊ အဲဒီတော့ မဖြစ်မနေမဲပေးရတော့မယ့်သူက ကြံဖွတ်မဟုတ်ပြီးရောလုပ်သွားမှာ ကြောက်လို့နေမှာပေါ့”

“ဟာ အဲဒီအတွက်လည်း မအလကြီးကယုတ်ပြီးသားပါဟ၊ ကိုယ်စားလှယ်အလောင်းစရင်းကို မအလကြီးပဲပြင်ဆင်ထားတာလေ၊ လူသိများထင်ရှားသူမှန်သမျှပယ်ဖျက်ပြီးသားပဲ။ NDF တို့ဘာတို့ဆိုရင် ပါတီလိုက်ကို အမှိုက်ပုံးထဲပစ်ချလိုက်တာကို။ ဟို ကြွေးထူမကြီးကိုလည်းမြောင်းထဲကန်ချထားပြီးသား။ တချို့နဂံရေးသမားတွေ ဟိုပင်ဒီပင်ကူးပါလို့ကိုဖြစ်နေကြတာလေ”

“အံမယ် ဆာဇေရေ၊ မအလကြီးက အမျိုးသားနေ့ ဆိုတာတုန်းက လူမှုထူးချွန်ဆုဆိုတာတွေပေးသေးသဗျ။ ဇာတ်သဘင်ဘက်ကဆိုရင် ဟိုရက်ပိုင်းကမှ လူမှုရေးဖောက်ပြန်မှုကြီးနဲ့ဟော်လေးတကြိုးဖြစ်ခဲ့တဲ့ ရွှေမန်းစိန်မဟာတို့တောင်ပါသေးသဗျို့။”

“​ဪ မင့်နှယ် လူမှုထူးချွန်ပါဆိုနေမှဟာကို”

“စကားမစပ်ဆာဇေရေ၊ အာဆမ်ညီလာခံလာတုန်းကတိပ်ကပ်ထားတဲ့ အမေဒိကန်ခေါင်းဖြူကြီးကလည်း အခုတော့ ကျားဖြန့်ငွေလိမ်ဂိုဏ်းကြီးကိုစုံစမ်းဖေါ်ထုတ် နှိမ်နင်းဖို့အဖွဲ့ကြီးဖွဲ့လိုက်ပြီဆိုပဲဗျ၊ အလုပ်တောင်စလုပ်နေပြီတဲ့လေ”

“အေးဟုတ်တယ် ဖတ်လိုက်ရတယ်ကွ။ ငတို့တွေလည်း ဟိုးတုန်းက ငတို့ဘကြီးရွာက အဖြစ်အပျက်လိုဖြစ်နေပြီ။ အဲဒီတုန်းက ဘကြီးတို့ရွာအရှေ့ပိုင်းမှာ အရမ်းဆိုးတဲ့ခွေးကြီးတစ်ကောင်ရှိသတဲ့။ အဲဒီခွေးကြီးက အကောင်ကထွားကြိုင်းတော့တရွာလုံးမှာ ဗိုလ်ပဲပေါ့ကွာ။ အဲဒီဘက်ဆိုရင်နေဝင်ဖြိုးဖျ ခွေးရောလူရောမသွားရဲသလောက်ပဲ။ ရွာမှာ ဝင်းဦးဆိုတဲ့လူငယ်တစ်ယောက်လည်းရှိတယ်။ ဒီကောင်ကလည်းထွားကြိုင်းသန်မာတဲ့လူငယ်။ ရွာမှာဘောလီဘောပုတ်ရင် စီးပွါးရေးဆိုတဲ့ဘောလုံးကို လက်၂ဖက်နဲ့ ကိုင်ပေါက်တန်းဆိုရင် ဝင်းဦးပါတဲ့အသင်းကနိူင်ပြီးသားပဲတဲ့လေ။ တနေ့တော့ ဝင်းဦးက သူ့အိမ်က ခွေးကိုပွေ့ခေါ်ပြီးရွာအရှေ့ပိုင်းကို သွားသပေါ့လေ။ လက်ထဲမှာလည်း တလံလောက်ရှည်တဲ့ ဝါးရင်းတုတ်ကိုင်လို့ပေါ့။ ခွေးဆိုးအိမ်နားရောက်တော့ သူ့ခွေးကိုပစ်ချပေးလိုက်တာပေါ့။ ခွေးဆိုးကြီးကလည်း ဝင်းဦးရဲ့ခွေးကိုလုံးတော့တာပေါ့။ အဲ့အချိန်ဝင်းဦးက ဝါးရင်းတုတ်နဲ့​ခွေးဆိုးကြီးကို ဝင်ပြီးသမတော့တာပေါ့လေ။ ဝင်းဦးတို့လက်သံပြောင်ချက်ကတော့ ခွေးဆိုးကြီးဘဝနိတ္ထိတံရောဆိုပဲ။ ခွေးဆိုးကြီးပိုင်ရှင်လည်း ဝင်းဦးကို ပြဿနာရှာချင်ပေမယ့်တရွာလုံးက ဝင်းဦးနောက်မှာရှိနေတော့ဘာမှာမပြောသာတော့ဘူးတဲ့လေ။ အခုလည်းမောင်မှတ်ရေ ငတို့မလဲ ဝင်းဦးကိုပဲရှာနေရတာပဲဟေ့”

“ဆာဇေကလည်း အခု ဝင်းဦးတို့အဖွဲ့တွေလည်း နေပြည်တော် အနီးတဝှိုက်မှာရောက်နေပါပြီတဲ့ဗျ”

“ဘာလဲ ဥတ္တရသီရိမြို့နယ်ထဲထိရောက်လာတဲ့ PLA တပ်လားဟ”

“ဟုတ်တယ်ဆာဇေ၊ ဘူးလက်က AA အကိုထွင်းဌါနချုပ်ကို ဘယ့်နှယ်လုပ်မယ် ညာ့နှယ်လုပ်မယ်အာချောင်နေတုန်းရှိသေး အဟေးဟေး”

“အေးကွာ ကိုဝင်းလေးကျန်းမာပါစေ ပေါ့ကွာနော”

“ဒါနဲ့စကားမစပ်ဆာဇေရေ၊ ဘနားနားတို့ အောင်ခန့်ပိုင်တို့ တစ်တော့ဆယ်လီတို့တွေလည်း မအလကြီးက ကြော်ငြာအပ်ဦးမလားမပြောတတ်ဘူးဗျို့ ဟဲဟဲ”

“အေးကွ အဲဒါကတော့ အေးကြွယ်ညွှန်ချုပ်က ဘေးမဖယ်အစွံထုတ်မလား စောင့်ကြည့်ကြပါကုန်ပေါ့ကွာ”

ရေးသားသူ-ဇေယျတု
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay

You may also like these