အညာမြေတပ်ပေါင်းစုထဲကို PDF တပ်ဖွဲ့ (၂) ဖွဲ့ ထပ်မံဝင်ရောက်ပူးပေါင်း

🟥 တပ်ဖွဲ့(၇) ဖွဲ့ပေါင်းစည်းမှုဖြစ်လာပြီး ထပ်ပူးပေါင်းလာမဲ့ အဖွဲ့တွေလည်းရှိ

ဒီဇင်ဘာ ၂၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင် အခြေစိုက်ဖြစ်တဲ့ အညာမြေတပ်ပေါင်းစုထဲကို GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ဟာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပဲ ပူးပေါင်းဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့မှာပဲ ပူးပေါင်းကြောင်း လက်မှတ်ရေးထိုးလိုက်ကြတာဖြစ်ပြီး ယနေ့အချိန်ကစကာ စစ်ရေးအရှိန်တွေကို ယခင်ထက်ပိုမြှင့်တင်ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။

“ဒီကြားထဲမှာ အများကြီးညှိနှိုင်းခဲ့ကြ ဆွေးနွေးခဲ့ကြတယ် လွယ်လွယ်လေးနဲ့ ဖြစ်လာ လွယ်လွယ်လေးနဲ့ ပျက်သွားဆိုတာမျိုး မဖြစ်ဘဲ ရေရှည်ခိုင်မာအောင် အပြန်အလှန်ကတိကဝတ်တွေပြုကြရတယ်။” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ဒို့ပြည် ကို ပြောပါတယ်။

ပေါင်းစည်းမှုဟာ ကြေညာတဲ့နေ့ကစလို့ အာဏာရှင်ကျဆုံးတဲ့နေ့ရက်အထိ အတည်ဖြစ်ပြီး ပိုမိုထိရောက်တဲ့ မစ်ရှင်တွေဖော်ဆောင်တာ၊ ရန်သူကို ညီညွတ်စွာတုန့်ပြန်န်ိုင်ဖို့ နဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပိုပြီးညီညွတ်လာဖို့ သဘောထားကွဲလွဲမှုတွေ ပျောက်ကင်းဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ဒီနေ့ဝင်လာခဲ့တဲ့ နှစ်ဖွဲ့ကတော့ တလျှောက်လုံးအညာမြေတပ်ပေါင်းစုနဲ့ တွဲပြီး အတူတူကခဲ့ကြတာပေါ့နော်။ ၂၀၂၄ အစောပိုင်းကတည်းက မစ်ရှင်တွေ အတူတွဲကကြတယ်။ အဲတုန်းကတော့ ကျနော်တို့က လက်မှတ်ရေးထိုးမထားဘူး ထုတ်ပြန်ချက်ထုတ်ရင် သီးသန့်ထုတ်ပြန်တယ်။ လက်မှတ် ရေးထိုးမထားရသေးတဲ့အတွက် အဲတုန်းကတော့ မြိုင်မြို့နယ် ပေါက်မြို့နယ် ပခုက္ကူမြို့နယ် စသဖြင့်ပေါ့ ပွဲကကြတဲ့အခါ အတူတူတွဲကခဲ့ကြတယ် အခုကတော့ လက်မှတ်ရေးထိုးပြီးတော့ တဖွဲ့တည်းအဖြစ် တစုတစည်းထဲ အတူသွားကြမယ်” လို့ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်။

အညာမြေတပ်ပေါင်းစုကိုတော့ ၂၀၂၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က M.U.G.D.F, ဇာမဏီပြောက်ကြားတပ်ဖွဲ့ ၊JAMESBOND,TSDNGF, နဲ့ ဒို့ညီနောင်ပြောက်ကြားတပ်ဖွဲ့ (၅) ဖွဲ့ နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး GOD OF MYAING တပ်ဖွဲ့ နဲ့ EAGLE FIGHTER တပ်ဖွဲ့ တို့က အခုလို ထပ်မံပူးပေါင်းလာတာပါ။

“နောက်ထပ်အခြားအဖွဲ့တွေလည်း လက််မှတ်ထိုးဖို့ရှိတယ် ပွဲတွေအတူတူတွဲကတယ် ထုတ်ပြန်ချက်တွေမှာ ကိုယ်နာမည်နဲ့ ကိုယ် ထည့်မယ် ရပ်တည်မယ် ဒါပေမဲ့ မစ်ရှင်တွေမှာ အတူတူတွဲသွားမယ်ဆိုတဲ့ပုံစံမျိုးလည်း ရှိသေးတယ် သူတို့ကလည်း နောင်ဆိုရင် လက်မှတ်ထိုးဖို့ရှိတာ အခုကတည်းက ကြိုပြောဖို့တော့မရသေးတာပေါ့” လို့ ကိုဘိုဘိုသန့်ဇင် က ဆက်ပြောပါတယ်။

အညာမြေတပ်ပေါင်းစု အနေနဲ့ အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ စုစည်းလုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay

You may also like these