ဒီဇင်ဘာ ၃၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က လူငယ်(၂) ဦးကို နေအိမ်တွေထဲထိ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အတွက် ဒေသတွင်း အထိတ်တလန့် ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။
ရွှေတောင်မြို့နယ်၊ ရွှေဟင်္သါအုပ်စု၊ ထန်းပင်ကွက်ရွာက ကိုအောင်ဖြိုး နဲ့ ကျွန်းကလေးအုပ်စု၊ ပဒေသာရွာက ကိုပြည့်ဖြိုးသူ တို့ကို စစ်တပ်က မှန်လုံကားတစီး စစ်တပ်အမိုးဖွင့်ကားတစီး စစ်သား(၁၂) ဦးနဲ့ လာရောက်ပြီး အိမ်တွေအထိ ဖမ်းဆီးမှူပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ပေါ်တာဆွဲတာကလည်းအတော်ကိုရုပ်ပေါက်တာ အိမ်တွေအထိလိုက်ရှာတာ ရိုင်းရိုင်းစိုင်းစိုင်းတွေပါ လုပ်သွားတာပါ။ ပေါ်တာဆွဲလို့ ဒေသခံတွေ ကြောက်လန့်ပြီး ကိုင်းလုပ်ငန်းလုပ်နေတဲ့ လုပ်သားတွေပါ ရုတ်ရုတ်သဲသဲ ထွက်ပြေးရတယ်။” လို့ ဒေသခံတဦးက ဒို့ပြည် ကို ပြောပါတယ်။
ဒေသတွင်းမှာ ထိတ်လန့်မှုတွေဖြစ်ခဲ့တဲ့အတွက် အဲဒီနေ့လည်ပိုင်းမှာ စာသင်ကျောင်းတချို့ ပိတ်ခဲ့ရတယ်လို့ လည်း သူက ပြောပါတယ်။
“ပဲနဲ့ ဖရဲဝယ်ပွဲစားတွေလည်း အဝယ်ရပ်သွားတယ်။ ရွာကလူတွေက ကြောက်ပြီး နေ့လယ်ပိုင်း စာသင်ကျောင်းတွေ ပိိတ်ပေးလိုက်ရတယ်။ အခုလိုလုပ်နေလို့ ရောင်းသူရောဝယ်သူပါ မသွားရဲမလာရဲနဲ့ ကိုင်းအလုပ်လုပ်တဲ့သူတွေ စိတ်ဆင်းရဲနေကြရတယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးတဲ့ တပ်ဖွဲ့တွေက မြို့နယ်ခွဲတမ်းအရည်အတွက် မပြည့်မီပါက ထပ်မံလာရောက်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေကိုလည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay