ဒီဇင်ဘာ ၁၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းဘေးက ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၅ နာရီခန့်က စစ်သား၊ ရဲ (၃၀) ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အဲဒီဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက ဦးဆောင်ပြီး တပ်ခွဲ ၁ Dragon Brothers GBK PDF ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF နဲ့ သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၃ (မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်ချိန် ၁နာရီ ၃၀ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ စစ်ဆေးရေးဂိတ်ကိုဝင်သိမ်းမယ့်အချိန် လက်နက်ကြီးပစ်ခတ်ပြီး ခလရ (၁)တပ် က အင်အား ၁၀၀ ကျော် စစ်ကူတက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၃ ဦးလည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ပြီး အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးတာ၊ မော်တော်ယာဥ်တွေ ချောဆွဲတာတွေပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ရိုးမအတွင်း သွားလာမှုတွေ မပြုလုပ်ကြဖို့နဲ့ စစ်ရေးပစ်မှတ်တွေအနီး သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews