ပြည်မြို့နယ် ဝက်ထီးကန် မှာ လောင်းကစားဝိုင်းတွေ ပြန်လည်ပြုလုပ်လာ

မေ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်က နေရာအချို့မှာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်တင်တင် ပြန်လည်ပြုလုပ်လာတယ်လို့ မြို့ခံတွေက ဒို့ပြည် ကို ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်ကစတင်ကာ ဝက်ထီးကန်နယ်ထိန်း နဲ့ ပူးပေါင်းပြီး ရွာသစ်ကျေးရွာမှာ လောင်းကစားဝိုင်းတွေကို ပြုလုပ်သလို ယင်းတိုက်ဘုန်းကြီးကျောင်း အနီးမှာလည်း ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ တွေကို ပြန်လည်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝက်ထီးကန်တိုက်နယ်မှာ လောင်းကစားဝိုင်းတွေမလုပ်ဖို့ တားမြစ်ထားတယ်။ အခုပြန်လုပ်နေတယ်။ ဒိုင်တွေနဲ့ နယ်ထိန်းတွေနဲ့ လူငယ်တွေ ပေါင်းလုပ်နေတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

ယင်းတိုက်ဘုန်းကြီးကျောင်းနားမှာတော့ လောင်းကစားဝိုင်းတွေကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်ကို နေ့လည် ၁၁ နာရီလောက်ကစတင်ပြီး ပြုလုပ်တာလို့ ဆိုပါတယ်။

“လိုင်းကြေးမပေးဘဲ သူတို့မလုပ်ရဲပါဘူး။ ဘုန်းကြီးကျောင်းနားမှာလုပ်တာ တပတ်သုံးရက် ပြန်လုပ်နေကြတာ နှစ်ပတ်လောက်ပဲရှိအုံးမယ်” လို့ ဒေသခံအမျိုးသမီးတဦး က ဒို့ပြည် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝက်ထီးကန်တိုက်နယ်၊ ကွင်းကြီးရွာနဲ့ ပနီပင်အုပ်စု၊ ညောင်ပင်လှရွာ တို့မှာဒေသခံရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေကို အကြီးအကျယ်ပြုလုပ်ခဲ့ကြပြီး ဒုရဲအုပ်ဇွဲကိုကို က လိုင်းကြေးတောင်းတာနဲ့ ဝင်ရောက်ကစားတာတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

 

You may also like these