ဒီဇင်ဘာ ၂၂၊ ၂၀၂၅။
အာဏာသိမ်းလိုက်တာဟာ ကိုယ့်နိုင်ငံရဲ့သံအမတ်ကြီးတစ်ယောက်ကို နွေဦးတော်လှန်ရေးရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျောက်ကောင်းတစ်ပွင့်ကိုသွေးပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက စဉ်းစားမိခဲ့ပုံမပေါ်ပါဘူး။
ပြည်တွင်းက နိုင်ငံအုပ်ချုပ်သူ ပြည်သူ့ရွေးချယ်ခံခေါင်းဆောင်တွေကို အားစိုက်စရာမလို၊ ခေါင်းစားစရာမလို၊ ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းလိုက်ပြီးနောက် လူထုဆန္ဒပြပွဲတွေကို သဘောထားကြီးသလိုလို ဘာလိုလိုနဲ့ ခဏတဖြုတ် လူကြီးလူကောင်းလုပ် မသိချင်ယောင်ဆောင်လိုက်ရင် အာဏာပလ္လင်ပေါ် နောက်၁၀နှစ်၊ ၁၅နှစ် မက သိုက်တူးခွင့်ရမယ်လို့ ပေါ့ပေါ့လေးထင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ ပြည်ပက နိုင်ငံကိုယ်စားပြုသံတမန်တွေကိုလည်း အချိန်မရွေးရိုက်ချက်စားလို့ရတဲ့ အိမ်ကြက်ငယ်လေးတွေလို သဘောထားခဲ့ပုံပါပဲ။
ပြီးတော့ သံတမန်ဆိုတာ ယဉ်ကျေးတယ်၊ ပျော့ပျောင်းတယ်၊ စိတ်ရှည်တယ်၊ပညာတတ်သိပ်ဆန်တယ်။ သံတမန် ဆိုတာ နက်ကတိုင်နဲ့တောင်ရှည်ပုဆိုးနဲ့ ဧည့်ခံပွဲတက်၊ အသွေးစုံလှတဲ့ ဝိုင်ခွက်တွေကို အရသာခံသောက်ရတာလည်း အလုပ်လုပ်နေတာပဲဆိုတော့ အဲဒီလို ဆင်စွယ်နတ်နန်းထက်က သံတမန်ဆိုတဲ့သူတွေဟာ ကြမ်းမယ်ရမ်းမယ်ဆိုတဲ့ လောကဓံလှိုင်းကြမ်းကြီးကိုစီးကာ သူ့တို့ကိုဆန့်ကျင့်လိမ့်မယ်လို့ လည်း ဘယ်ထင်မိလိမ့်မလဲ။ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံကိုယ်စားပြုသံအမတ်ကြီး တစ်ယောက်ကပါဦးဆောင်ပါဝင်လာလိမ့်မယ်လို့ တွေးကိုမတွေးမိခဲ့တာ စစ်ခေါင်းဆောင်တွေ မှန်မှန်ကန်ကန်မှားမိတဲ့ မဟာအမှားကြီးပါပဲ။
အခုတော့ မိုင်ထောင်ချီဝေးတဲ့အရပ်က ခပ်ပြုံးပြုံးလေးဦးဆောင်နေသူရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ တောက်တခတ်ခတ်၊ အံတကြိတ်ကြိတ်နဲ့ စောင့်ကြည့်နေရုံသာတတ်နိုင်ပါတော့တယ်။
တကယ်တော့ မြန်မာပြည်သူအများစုဟာ ဒီနှစ်ဆန်းပိုင်းလောက်အထိ ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို သိပ်မသိခဲ့ကြပါဘူး။ အာဏာသိမ်းပြီး ၂၆ ရက်အကြာမှာမှ လူတိုင်းနီးပါး အံ့သြတကြီးနဲ့ လက်ခုပ်သံတဖြောင်းဖြာင်း လက်သီးလက်မောင်းတွေတန်းလို့ သူ့ကိုသိခဲ့ကြတာပါ။
စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင် ငြင်းပယ်ကြောင်း ကုလသမဂ္ဂ စင်မြင့်မှာမိန့်ခွန်းပြောရင်း အာဏာရှင် ဆန့်ကျင်သကေႅတ လက်သုံးချောင်းထောင်နေတဲ့ ဦးကျော်မိုးထွန်းရဲ့ပုံက လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောစမှတ် ဖြစ်သွားခဲ့တာပါ။ ပြီးတော့ ဟိုးဝေးဝေးက ဖိနှိပ်ခံပြည်သူတို့ဆီ ဝေ့ဝဲနေတဲ့ မျက်ရည်တွေနဲ့ သူ့နှလုံးသားရဲ့ ထပ်တူပြုမှုကလည်း ပြည်သူတွေ မျက်ရည်ကျခဲ့ရပါတယ်။
ပြည်သူတွေကိုကာကွယ်ဖို့ လိုအပ်တဲ့နည်းလမ်းမှန်သမျှသုံးပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံခဲ့တဲ့ သူ့ရဲ့ အသံဟာ မြန်မာလူထုတင်မက ကမ္ဘာကြီးကပါ အံအားသင့်ခဲ့ရပါတယ်။ လမ်းပေါ်တက်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကန့်ကွက်နေတဲ့ လူထုဟာလည်း စိတ်ခွန်အား တက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင် တွေကတော့ ကမ္ဘာမကြေစတမ်း ဒေါသပုန်ထကြရပါတယ်။
စစ်ခေါင်းဆောင်တွေ ဘယ်လောက်တောင် အဖျားကြီးခဲ့သလဲ ဆိုတော့ မိန့်ခွန်းပြောပြီးနောက်တနေ့မှာပဲ သူ့ကိုရာထူးက ထုတ်ပယ်ကြောင်း စာပို့တယ်။ စစ်တပ်ဟာ ဒီလိုတုန့်ပြန်မှုမျိုး အရင်ကတခါမှ မကြုံခဲ့ဖူးပါဘူး။ သူ့ကို ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်အသိအမှတ်မပြုဖို့နဲ့ မြန်မာကို ပြန်လွှဲပေးဖို့ ကုလဌာနချုပ်နဲ့အမေရိကန်နိုင်ငံခြားရေးဌာနကို အာဏာသိမ်းစစ်အုပ်စုက တောင်းဆိုခဲ့တာလည်း အထမမြောက်ခဲ့ပါဘူး။ ဝါရှင်တန်ဒီစီက စစ်သံမှူးဗိုလ်မှူးကြီးတစ်ယောက်နဲ့ သူ့နေရာကို အစားထိုးမယ်လို့ကြေညာပေမယ့်လည်း လေပေါ်ဆောက်တဲ့တိုက်ပမာ မအောင်မြင်ခဲ့ပြန်ပါဘူး။
စစ်ခေါင်းဆောင်တွေဟာ သံအမတ်ကြီးကို ဖယ်ရှားဖို့ စိတ်လိုက်မာန်ပါအကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ဦးကျော်မိုးထွန်းဟာ ခိုင်ခိုင်မာမာ အမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်ရှိနေသလို နောင်နှစ် စက်တင်ဘာအထိ ကိုယ်စားပြုရှိနေဖို့ လည်း ကုလရဲ့ဆုံးဖြတ်ချက်ရထားလေတော့အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့သံတမန်တွေထဲမှာ တစ်ဦးတည်းသော ရာထူးနဲ့ကျန်ရစ်သူလို့ ပြောရမှာပါ။
အသက် ၅၂ အရွယ် ဝါရင့်သံတမန်တစ်ဉီးဖြစ်တဲ့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ်တာဝန်ကို လွန်ခဲ့တဲ့ နှစ်ကမှ စယူခဲ့တာပါ။ သူ့ရာထူးက မက်လောက်စရာနေရာပါ။ ရာထူးနေရာမှာ အလိုက်သင့်စီးမျောပြီးနေလို့လည်း ပြည်သူ့တံတွေးခွက်ထဲ မျောလွန်းလှ ခဏတဖြုတ်သာ ဆိုပေမယ့် ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီပြီး နောက်ဆုတ်အမှောင်ကျ သွားမယ့် နိုင်ငံ့အခြေအနေကို သူရပ်ပြီး ကြည့်မနေနိုင်ခဲ့ပါဘူး။
နိုင်ငံကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဆိုတဲ့ ရာထူးနေရာကို စတေးပြီး တော်လှန်ရေးမှာပါဖို့ ဆိုတာ သွေးရဲရုံလောက်နဲ့ မရပါဘူး။ ဒီမိုကရေစီ ယုံကြည်ချက် အပြည့်ရှိရုံတင် မက တိုင်းပြည်ရဲ့အနာဂတ်ဟာ ကိုယ့်မှာလည်း တာဝန်ရှိကြောင်း ပြတ်ပြတ်သားသားခံယူတတ်ဖို့လည်းလိုပါမယ်။
သူ့တာဝန်သူအသေအချာသိခဲ့ပါတယ်။ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာစသိမ်းတာကိုသိချိန်မှာ သူတို့ရဲ့ အနာဂတ်ပျောက် ဆုံးသွားပြီ။ ငယ်ရွယ်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အနာဂတ်လည်း ပျောက်ဆုံးသွားပြီဆိုတာ သူသေချာ သိပြီး သူ့တာဝန်သူသိခဲ့ပါတယ်။
“နေခဲ့ရဖူးတဲ့ စနစ်ဆိုးဆီ ပြန်မသွားချင်ဘူး” လို့ France 24 အင်တာဗျူးမှာသူ ပြောခဲ့ပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကာလကို အသိရှိရှိဖြတ်သန်းခဲ့ဖူး သူအတွက် စစ်အုပ်ချုပ်ရေးဟာငရဲလို ဆိုးပြီး တိုင်းပြည်ကို အမှုန့်ကနေအမှုန်အမွှားအထိ ချေဖျက်ပစ်နိုင်တယ်ဆိုတာလည်း သူကောင်းကောင်းသိခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ရင် သူ့ရဲ့ရာထူး လက်လွှတ်ရနိုင်ခြေနဲ့ မအောင်မြင်ခဲ့ရင်အိမ်ပြန်လို့ မရတော့မယ် အခြေအနေကို သူသေချာသိခဲ့မှာပါ။ တော်လှန်ရေးမပြီးဆုံးမချင်း နေ့ရက်တိုင်းမှာ ထိုးစစ်နဲ့ ခံစစ် စစ်မျက်နှာနှစ်ဖက်ဖွင့်တိုက်ရမယ်ဆိုတာကိုသူ သိနေရက်၊ ဒီလမ်းကို ခရောင်းလမ်းဆိုတာ သိနေရက်နဲ့သူရွေးခဲ့တာပါ။
သူ့ဘဝတစ်သက်တာ တည်ငြိမ်နေတဲ့ရေပြင် ပမာ အလှုပ်အရမ်းနည်းလွန်းတဲ့ သံတမန်ဘဝနဲ့ အိမ်ထောင်ရှိပြီး ကလေးနှစ်ယောက်ဖခင်ဖြစ်တဲ့ ဦးကျော်မိုးထွန်း ကြုံရနိုင်တာတွေက စိတ်ကူးနဲ့မှန်းကြည့်ရင်ပင် သက်ပြင်းတွေ အထွေးလိုက် ကျစရာပါပဲ။ သူ့လိုပဲ ကမ္ဘာတဝန်းမှာရှိတဲ့ မြန်မာသံတမန်၂၀လောက် ဟာလည်း အိမ်ပြန်လို့ မရတော့မှန်းသိရက်နဲ့ စစ်အုပ်စုရဲ့ အလုပ်ကိုမလုပ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါဟာ စက်ဆုတ်ဖွယ် အာဏာရှင်ခေတ်ဆီကို ဘယ်လိုမှ ပြန်မသွားချင်ကြဘူးဆိုတာကို ဘဝနဲ့ရင်းပြီး ပြသခဲ့ကြတာပါပဲ။
ဆံပင်တွေ တစ်နေ့တခြားပိုပိုဖြူလာနေတဲ့ သံအမတ်ကြီးဟာ သူ့ရဲ့အသက်ကိုလုပ်ကြံဖို့အထိ အာဏာသိမ်း စစ်တပ်က ကြံစည်တာကို ကြုံခဲ့ရပါတယ်။ နယူးယောက်ရှိ မြန်မာအသိုက်အဝန်းက သူ့ကို နိုင်တဲ့အားနဲ့ ဝန်းရံကာကွယ်ပေးကြပါတယ်။ အခုတော့ အမေရိကန် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို( FBI ) နဲ့နယူးယောက်ရဲတပ်ဖွဲ့ရဲ့ စောင့်ရှောက် မှုနဲ့ မလုံခြုံမှုတွေကို ထွေးလို့ သူနေ၊ နေရပါတယ်။
ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့အသံတွေကို ကုလသမဂ္ဂနဲ့နိုင်ငံတကာမျက်နှာစာတွေမှာ ထုတ်ဖော် ပြောနေခဲ့တဲ့ သူ့ကို စစ်တပ်က နုတ်ပိတ်သွားစေချင်မှန်းကောင်းကောင်းသိခဲ့ပေမဲ့ သူကတော့ ပြည်သူတွေအတွက် တောင်းဆိုမှုလုပ်နေတာကို မရပ်ခဲ့ပါဘူး။
ဘယ်လောက်အခက်အခဲတွေ ခြိမ်းခြောက်မှုတွေ ရှိနေနေ ဦးကျော်မိုးထွန်းကတော့ အမြဲ ပြုံးနေတာပါပဲ။ သူဟာ အနေအေးပုံလည်း ရတယ်။ သတင်းမီဒီယာတွေမှာ သူ့အင်တာဗျူးပါတိုင်းကြည့်လိုက်ရင် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်၊ သိမ်သိမ်မွေ့မွေ့ သူ့ပင်ကိုယ်စတိုင်ဟာမပြောင်းလဲ၊ ဒေါသထွက် လက်သီးလက်မောင်းတန်းပြောဆိုတာမျိုး တခါမှ မတွေ့ခဲ့ရပါဘူး။
သူ့က သံတမန်ကောင်းပီသစွာလူတွေကို လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံတတ်တာသူ့ အင်တာဗျူးတွေမှာ သတိထားမိပါတယ်။ ပြည်သူတွေရဲ့ အသံနဲ့ NUG ရဲ့ အသံကို နိုင်ငံတကာက သိအောင် မီဒီယာတွေက ပြောကြားပေးနိုင်လို့ ကျေးဇူးတင်တယ်လို့ အင်တာဗျုးသူတွေကို သူအမြဲပြောတတ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Ned Price ကတော့ မြန်မာမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ တောင်းဆိုနေတဲ့ ပြည်သူတွေကိုယ်စား သတ္တိ ရှိရှိ ရဲရဲရင့်ရင့်ဖော်ထုတ်နေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အတူအကွရပ်တည်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အဲဒီလိုလူဟာ သူ့တက္ကသိုလ်ကျောင်းသားဘဝက IR King လို့ လူမှုကွန်ရက်ပေါ် တချို့ကပြောကြတာလည်း ဖြစ်နိုင်လောက်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ အတော်ဖြောင့်မယ့်ရုပ်ရည်နဲ့ သူဟာ ရန်ကုန်တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေးဘွဲ့ ရတယ်။ ပြီးတော့ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ကို ဂျပန်တက္ကသိုလ်ကနေ ထပ်ယူခဲ့ပါတယ်။
ဒုတိယအာဏာရှင်ဗိုလ်သန်းရွှေလက်ထက် ၁၉၉၃ မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တတိယအတွင်းဝန်အဖြစ် သူ့သံတမန်ဘဝကိုစတင်၊ သံအမတ် အဖြစ် သူပထမဆုံး တာဝန်ထမ်းဆောင်တာက ဂျာကာတာမှာ အခြေစိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးပါ ။ ၁၉၉၇ ကနေ ၂၀၀၁ အထိ အင်ဒိုမှာ ၅နှစ် တာကြာခဲ့ပါတယ်။
ပြီးတော့ နယူးယောက်၊ စင်ကာပူ၊ ဂျီနီဗာ သံရုံးတွေမှာ တာဝန်တွေကို ဆက်ပြီး အဆင့်ဆင့်။ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပဲ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့စီးပွားရေးရာဌာန ညွှန်ချုပ် အဖြစ်။ ဆက်ပြီးတော့ သံအမတ်ကြီးအနေနဲ့ ဆွစ်ဇာလန်အပါအဝင် နိုင်ငံတချို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နိုင်ငံ့ဝန်ထမ်း သံတမန်တစ်ယောက်အနေနဲ့ ၂၇ နှစ်လုပ်ကိုင်လာခဲ့တဲ့ သူ့ရဲ့ဘဝဟာ စစ်အုပ်စုအာဏာသိမ်းမှုကြောင့် အချိုးကြီးတဲ့အကွေ့တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
အာဏာသိမ်းစစ်အုပ်စု လက်ကနေ ပြည်သူတွေကို ကာကွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းသိအောင် လုပ်နေခဲ့တဲ့သူ့ကို စစ်ခေါင်းဆောင်တွေက ဖမ်းဝရမ်းထုတ်၊နိုင်ငံတော်သစ္စာဖောက်မှု ဆိုပြီးဂုဏ်ပြုခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေက အဲဒီလိုစွပ်စွဲခဲ့ပေမဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေနဲ့ အတူတူရှိနေလို့ ဂုဏ်ယူမိတယ်လို့သူကဆိုပါတယ်။
နိုင်ငံတကာဆောင်းပါးရှင်တချို့ကတောသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အာဏာသိမ်းစစ်အုပ်စုကို ဆန်ကျင်ခဲ့ကြတဲ့ သံတမန်တွေကို နိုင်ငံမဲ့ ကုန်တဲ့ သံတမန်တွေလို့ ရေးကြပါတယ်။ နိုင်ငံကူးလက်မှတ်တွေဖျက်သိမ်းခံရ၊ နေစရာနေရာနဲ့ ကျန်းမာရေးအာမခံတွေလည်း စွန့်လွှတ်ခဲ့ကြရ။ ဘာပဲဖြစ် ဖြစ် လောကဓံတွေနဲ့အတူ သူတို့ ဆက်လျှောက်နေကြဆဲပါပဲ။
လာမယ် အင်္ဂါနေ့( အောက်တိုဘာ ၁၉ ) ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စု International Republican Institute (IRI) ကပေးတဲ့ John McCain Freedom Award ဒီမိုကရေစီသူရဲကောင်းဆုကို ဦးကျော်မိုးထွန်း တက်ရောက်ရယူပါလိမ့်မယ်။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးပါတယ်။ ကိုယ်ကျိုးစွန့်သူတွေအ တွက် ထိုက်တန်တဲ့ ဆုတစ်ခုဖြစ်ပါတယ်။
ဆုယူချိန်မှာ သူဘာပြောမယ်ထင်ပါသလဲ။ ဂုဏ်ယူဝင့်ကြွားတာထက် သူ့ရဲ့မူပိုင်၊ ပြုံးနေတဲ့ မျက်နှာနဲ့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် တတ်နိုင်သမျှ ကူညီကြဖို့ သူမေတ္တာရပ်ခံနေဦးမယ်ဆိုတာ အသေအချာပါပဲ။
” ပြည်သူ့အတွက်၊ ပြည်သူကနေ အုပ်ချုပ်တဲ့ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာတဲ့အထိ ကျွန်တော်တို့ တိုက်ခိုက်သွားမယ်။” လို့ တစ်ခါကသူပြောခဲ့ဖူးပါတယ်။တိုက်မယ်ခိုက်မယ်ဆိုတဲ့စကားကိုသူပြောနေချိန်မှာ တောင် သူ့အပြုံးတွေက မူလဟန်မပျက် သိမ်မွေ့နေမြဲပါပဲ။
ကျနော်တို့ပြည်သူတွေ နွေဦးတော်လှန်ရေးမှာ ဦးကျော်မိုးထွန်းကို အသေအချာရခဲ့ပါတယ်။ ပရိယယ်ကြွယ်လှတဲ့ နိုင်ငံတကာသံခင်းတမန်ခင်းနယ်ပယ်မှာ ကျနော်တို့နွေဦး မြန်မြန်ဖူးနိုင်ပွင့်နိုင်ခဲ့တာ ဦးကျော်မိုးထွန်းကို ရရှိခဲ့တာရဲ့ အသီးအပွင့်တွေပါပဲ။ ဒီမိုကရေစီ ကျောက်ကောင်းတစ်ပွင့်ကို ကျနော်တို့ ရရှိခဲ့ခြင်းပါပဲ။
ရေးသားသူ-တင်ငြိမ်းချမ်း
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ရုပ်ပုံလွှာ #ဦးကျော်မိုးထွန်း #ကုလသမဂ္ဂ #သံတမန် #မြန်မာ #စာပေ #အက်ဆေး #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား #UN