သရက်ထောင်မှာ အကျဉ်းသား(၁) ဦး ရိုက်နှက်စစ်ဆေးခံရလို့ သေဆုံး

🟥 ရိုက်နှက်ခဲ့သူတွေကို စစ်ဆေးအရေးယူဖို့ အကျဉ်းသားတွေ တောင်းဆို

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေဆဲ လွတ်နီးဖြစ်နေတဲ့ အကျဉ်းသား(၁) ဦးကို မူးယစ်ဆေးဝါးမသင်္ကာမှုနဲ့ ရိုက်နှက်စစ်ဆေးရာက ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။

ကိုရေခဲ(ခ) ဇင်မင်းဦး(၄၀ နှစ်-အဖ ဦးဇင်မြင့်) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ ညဦးပိုင်းက သရက်အကျဉ်းထောင်အတွင်း ရိုက််နှက်စစ်ဆေးခံခဲ့ရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ ကျန်းမာရေးချို့ယွင်းလာလို့ သရက်ဆေးရုံကြီးမှာ ကုသနေဆဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးကိုပို့ဆောင်စဉ် လမ်းခရီးမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“၂၀ ရက်နေ့ ညနေထမင်းစားပြီးတော့ ခေါ်စစ်တာ သူလက်ဝယ်မှာ ဆေးမတွေ့ဘူး သူကလည်း ငြင်းတာ အဲဒီမှာရိုက်တာ။ ရိုက်တော့ ခင်ဗျားတို့ကျုပ်ကို ရိုက်ရင်သေအောင်လုပ် မလုပ်ရင် ကျုပ်လက်ထဲမှာ ဆေးမရှိတဲ့အတွက် ကျုပ်က ငြိမ်ခံနေမှာမဟုတ်ဘူး ဆိုပြီးပြောတယ်။ ခေါင်းတွေ လည်ပင်းတွေကို ရိုက်ကန်နင်းကြတာ” လို့ ဖြစ်စဉ်ကို သိရှိထားသူတဦးက ဒို့ပြည် ကိုပြောပါတယ်။

ကိုရေခဲကို ခေါ်ယူမစစ်ဆေးခင် ပထမရက်မှာလည်း မူးယစ်ဆေးမှုနဲ့ (၆) ဦးကို ရိုက်နှက်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးတွေ့ရှိခဲ့သူတဦးက ကိုရေခဲ ဆီက ရတာလို့ ပြောတဲ့အတွက် ခေါ်ယူစစ်ဆေးရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

“သူမတိုင်ခင် ဆေးနဲ့မိတဲ့တယောက်က မိတော့ ဒီဆေးက ဘယ်ကလာတာလဲလို့ မေးတော့ ကိုရေခဲဆီက လာတာပါလို့ပြောတော့ သူ့ကိုခေါ်စစ်တယ်။ အဲဒီမှာ ရိုက်ကြတာပဲ။ နေမကောင်းဖြစ်နေတာကို မိသားစုကိုလည်း အကြောင်းမကြားဘူး။ ကိုရေခဲ အမေကို တယောက်ကို အကြောင်းကြားလိုက်လို့ လိုက်လာတာမှာ ဒဏ်ရာတွေနဲ့ တွေ့ရပြီး မကွေးကိုကုဖို့ ခေါ်သွားတာမှာ လမ်းမှာပဲဆုံးတာ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

ရိုက်နှက်စစ်ဆေးခဲ့သူတွေဟာ ထောင်ပိုင်လေး၊ သက်မောင်မောင် နဲ့ အခြား ဝန်ထမ်း(၁) ဦး တို့ဖြစ်ပြီး ထောင်ပိုင်ကြီးက ဖြစ်စဉ်ကို မသိခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ဖြစ်တာကိုသိတဲ့ တယောက်က ကိုရေခဲအမေကို အကြောင်းကြားတာမှာ သူ့အမေက ၂၅ ရက်နေ့ညက ရန်ကုန်ကနေ လိုက်လာတာ မနေ့ကမနက် ထောင်ကလည်း သရက်ဆေးရုံမှာတင်ထားချိန် ဝင်တွေ့တော့ ကိုရေခဲတကိုယ်လုံးကို အဝတ်ဖုံးထားပြီး မျက်နှာပဲဖော်ထားတယ်။ သူ့သားကိုတွေ့ပါရစေဆိုပြီး အစောင့်ထောင်ဝန်ထမ်းတွေကိုတော့ ပြောတော့ ထောင်ပိုင်ကြီးကိုအကြောင်းကြားတာမှာ ထောင်ပိုင်ကြီးကလိုက်လာပြီး တွေ့ခွင့်ပေးတယ်။” လို့ ဖြစ်စဉ်ကိုသိရှိထားသူက ဆိုပါတယ်။

သရက်ဆေးရုံမှာ ကျန်းမာရေးဆိုးရွားလာတဲ့အတွက် လူနာတင်ကားနဲ့ အောင်လံ၊ အဲဒီကတဆင့် မကွေးဆေးရုံကို ထောင်ဝန်ထမ်းတွေလိုက်ပါကာ သွားခဲ့ပေမဲ့ လမ်းခရီးမှာပဲ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

“သူ့အမေကကုချင်တာ သူ့သားကို မကွေးကိုသွားမယ်ဆိုပြီး ထောင်ကခွင့်ပြုပြီး အစောင့်တွေနဲ့သွားကြတာ။ ကိုရေခဲက ပါးစပ်ကအမြှပ်တွေတော့ထွက်နေပြီ။ အောက်စီဂျင်ပေးထားရတယ်။ စကားလည်းမပီတော့ဘူး ဝူးဝူးဝါးဝါးတွေနဲ့ သူ့အမေကိုပြောတယ်။ သူအသက်ရှုရတာမဝဘူးဆိုပြီး လက်ဟန်နဲ့ပဲပြောတယ်။ လမ်းမှာပဲဆုံးသွားတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။

သေဆုံးခဲ့ရသူ ကိုရေခဲ ကိုတော့ သရက်မြို့ကိုပြန်လည်ခေါ်ဆောင်လာပြီး မနေ့ကညနေမှာပဲ မြေမြှပ်သင်္ဂြိုဟ်ကာ လွတ်ငြိမ်းအမိန့်ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

သရက်အကျဉ်းထောင်အတွင်းမှာတော့ အကျဉ်းသားတွေက အခုဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ စုဝေးတာ၊ တောင်းဆိုတာတွေကို ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

“ဒီလိုမျိုးထောင်အတွင်းမှာ လူတယောက်ကို သေစေနိုင်လောက်တဲ့အထိ ရိုက်လို့နှိပ်စက်လို့ရလားပေါ့ ဒီလိုမျိုးအသက်ဆုံးရှုံးအောင်လုပ်ရလား သူ့လက်ထဲမှာ ဆေးလည်းမရှိဘူး အကယ်၍ ဆေးအမှုနဲ့နောက်ထပ်စွဲရမယ်ဆိုရင်တောင် ပုဒ်မတခုခုထပ်စွဲတာ တပ်တာအဲလိုမျိုးပဲလုပ်စေချင်တာ လူတယောက်လုံးသေစေလောက်အောင်လုပ်ရလားပေါ့” လို့ ဖြစ်စဉ်ကို သိရှိထားသူက ဒို့ပြည် ကို သဘောထားမှတ်ချက်ပေးပါတယ်။

ကိုရေခဲ ဟာ ရန်ကုန်၊ သာကေတမြို့နယ်၊ သန်လျင်တံတားရပ်ကွက် မှာ နေထိုင်သူဖြစ်ကာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံရပြီးနောက် အင်းစိန်ထောင်ကနေ သရက်အကျဉ်းထောင်ကို ထောင်ပြောင်းအနေနဲ့ ရောက်ရှိနေတာ (၄) နှစ်ခန့်ရှိပြီလို့ သိရပါတယ်။

ပုံစာ- ၂၀၂၄ ခုနှစ်က သရက်အကျဉ်းထောင်အတွင်း စစ််ကော်မရှင်တာဝန်ရှိသူတွေ စစ်ဆေးနေကြစဉ်(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#မကွေးတိုင်း #သရက် #အကျဉ်းထောင် #အကျဉ်းသားအခွင့်အရေး #ရန်ကုန် #အင်းစိန် #သာကေတ #သတိပြုပါ

You may also like these