ယနေ့မေလ ၁၉ ရက်နေ့မှာ ဥသျှစ်ပင်မြို့ပေါ်ကိုရောက်လာတဲ့ စစ်ကောင်စီဝန်တင်လားများ

စစ်ကောင်စီက ဝန်တင်လားတွေကို ရခိုင်ရိုးမဘက် ရွေ့ပြောင်းလာ တိုက်ပွဲတွေမှာ အသုံးပြုလာနိုင်ဖွယ်ရှိ

မေ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ကိုဖြတ်ပြီး ရခိုင်ရိုးမဘက်ကို ဦးတည်ကာ ဝန်တင်လားတွေကို ရွေ့ပြောင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ယနေ့ မေလ ၁၉ ရက်နေ့ နံနက်က ဥသျှစ်ပင်မြို့ပေါ်ကနေ စစ်ကား(FAW) အကြီး ၁၁ စီးဖြတ်သန်းသွားခဲ့ပြီး ၉ စီးမှာ ဝန်တင်လားတွေကို တင်ဆောင်ထားကာ ၂ စီးမှာတော့ ဝန်စည်စလယ်ပစ္စည်းတွေနဲ့ လို့ သိရပါတယ်။

“တစီးကို ၇ ကောင်လောက်နဲ့ ၉ စီးတင်သွားတာ အကောင်၇၀ လောက်တော့ရှိတယ်။ ကျနော်တို့တွေးထားတာကတော့ ဧရာဝတီတိုင်းရခိုင်ရိုးမတိုက်ပွဲနဲ့ ပဲခူးတိုင်းရခိုင်ရိုးမတိုက်ပွဲတွေမှာ သုံးမယ်လို့ ခန့်မှန်းထားတယ်။” လို့ ဒို့ပြည်ရဲ့ စစ်ရေးရင်းမြစ် က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ရိုးမပေါ်က ရှေ့တန်းတပ်သားအင်အားတွေကို အပြောင်းအလဲပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဝန်တင်တပ်ရင်း(၅) ရင်းအထိ တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ၇၅ နှစ်မြောက် စိန်ရတုထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ဖွဲနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဝန်တင်တိရစ္ဆာန်တွေဖြစ်တဲ့ မြင်း၊ မြည်း၊ လား တွေကို စစ်ကောင်စီတပ်က စစ်ဆင်ရေးနယ်မြေဒေသတွေကို စားနပ်ရိက္ခာနဲ့ ခဲယမ်း အခြားလိုအပ်တဲ့ ပစ္စည်းတွေပို့ဆောင်တဲ့အခါ အသုံးပြုလေ့ရှိပြီး မော်တော်ယာဉ်၊ ရေကြောင်း၊ လေကြောင်းက မပို့နိုင်တဲ့ နယ်မြေတွေအတွက် အဓိကအသုံးပြုတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တိရစ္ဆာန်မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ်ရင်းမှာ မြင်း၊ လား၊ မြည်း စုစုပေါင်း ကောင်ရေ ၂၄၂၉ ကောင် မွေးမြူထားရှိပြီး သားဖောက်မွေးမြူခြင်းနှင့် ရှေ့တန်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပုံစာ-ယနေ့မေလ ၁၉ ရက်နေ့မှာ ဥသျှစ်ပင်မြို့ပေါ်ကိုရောက်လာတဲ့ စစ်ကောင်စီဝန်တင်လားများ

You may also like these