

မေ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကွင်းကျယ်ရွာ စစ်ကောင်စီအထိုင်စခန်းကုန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း၊ ၃၈၀၁ က ယနေ့ မေလ ၂၁ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ (၃) ရက်တာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကာင်စီတပ်သား(၈)ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၂)၊ သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်း(P23801) နဲ့ နတ်တလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(နတ်တလင်း ပ.က.ဖ)၊ တပ်ရင်း-၃၈၀၁ ဒရုန်းတပ်ဖွဲ့ (Bago Wings UAV Force) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီခွဲခန့်ကတည်းက ပူးပေါင်းတပ်တွေက ကွင်းကျယ်အထိုင်စခန်းကုန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပျဉ်ပုံရွာကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပါတယ်။
၁၉ ရက်နေ့မှာတော့ စစ်ကူလာတဲ့စစ်ကောင်စီတပ်သား(၇၀) ခန့်ဟာ အထိုင်စခန်းထဲကို ဝင်ရောက်သွားပြီးခဲ့ပြီး ပူးပေါင်းတပ်တွေက ဝင်ရောက်သွားရာလမ်းကြောင်းအတိုင်း မိုင်းကွင်းတွေကို ထောင်ထားခဲ့ရာမှာ မေလ ၂၀ ရက်နေ့မှာတော့ ပြန်လည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နေ့လည် ၁၁ နာရီကျော်ခန့်မှာ မိုင်းကွင်း ၂ ကွင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီး လိုက်လံရှင်းလင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် နေ့လည် ၂ နာရီမှာတော့ အထိုင်စခန်းကုန်းထဲကို ဝင်ရောက်ရှင်းလင်းခဲ့ရာ ဘန်ကာတွေထဲမှာ ပုပ်ဆော်နံနေတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေကို တွေ့ရှိခဲ့ရပြီး စခန်းကုန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။