

“အာရက္ခဒေသ တခုလုံး ၊ အာရက္ခပြည်သူ့လက်ထဲ ရောက်ရှိရေး” ဆိုတဲ့ မူဝါဒတရပ်ကို အကောင်အထည်ဖော်နေတဲ့ အာရက္ခတပ်တော် ULA/AA အနေနဲ့ အာရက္ခဒေသအတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံတည်တံ့ရေးကို အကာအကွယ်ပေးနိုင်မယ့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (National Defense Emergency Provision – NDEP ) ကို ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပြီး အာရက္ခဒေသအတွင်း မပြီးပြတ်သေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲနေပါတယ်။
အဲ့ဒီလို ဆောင်ရွက်နေချိန်မှာ လူငယ်လူရွယ်အချို့အနေနဲ့ အမျိုးသားကာကွယ်ရေး ဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) အပေါ် အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခဲ့ကြပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ကာ ပုံစံမျိုးစုံနဲ့ အာရက္ခဒေသအတွင်းကနေ ထွက်ခွါဖို့ ကြိုးစားနေကြတဲ့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /အာရက္ခတပ်တော် ULA/AA က မနေ့က မေလ ၂၂ ရက်နေ့ ညနေမှာ အရေးပေါ်ကြေငြာချက် တခု ထုတ်ပြန်ကြေငြာလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီကြေငြာချက်မှာ အာရက္ခပြည်သူတွေအတွက် စည်းကမ်းချက် (၄) ချက်ကို ထည့်သွင်းထားပြီး မည်သူတဦးတယောက်ကိုမျှ စစ်ရေးတည်ငြိမ်တဲ့ ကာလအထိ အာရက္ခဒေသအတွင်းကနေ ထွက်သွားခွင့် မပြုတော့ကြောင်း ၊ အသက်အန္တရယ်စိုးရိမ်ရတဲ့ ပြင်းထန်ရောဂါရှိသူတွေမှအပ အရေးပေါ်စစ်မှုထမ်းဖို့ အကြုံးဝင်တဲ့ အမျိုးသား အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း ၊ အမျိုးသမီး ၁၈ နှစ်ကနေ ၂၅ နှစ်အထိ လက်ရှိဖြစ်ပွါးနေတဲ့ အရေးပေါ်တိုက်ပွဲကာလ ပြီးသွားတဲ့အချိန်အထိ အာရက္ခဒေသအတွင်းကနေ ထွက်ခွါခွင့်မပြုတော့ကြောင်း ဖော်ပြထားပါတယ်။
အာရက္ခဒေသအတွင်းကနေ ထွက်ခွါဖို့အတွက် အခကြေးငွေယူပြီး သွယ်ယူပို့ဆောင်ပေးနေသူတွေကို တွေ့ရှိခဲ့ရင် တည်ဆဲဥပေဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်း ၊ အခြေခံစားသောက်ကုန်ရောင်းဝယ်တဲ့ ကုန်သည်တွေနဲ့ နွားကုန်သည်တွေ အနေနဲ့ လူကယ်ရီတွေ မပြုလုပ်ကြဖို့ တားမြစ်လိုက်ကြောင်း ကြေငြာချက်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ် ။
အခုလို ကြေငြာချက်ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်နောက်တခုက စစ်ကောင်စီထိန်းချုပ်နေတဲ့ နေရာတွေမှာ ရခိုင်လူမျိုး မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ရည်ရွယ်ချက်ရှိရှိဖမ်းဆီးပြီး ငွေညှစ် ၊ ပြန်ပေးဆွဲတာ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေအပြင် လူသတ်အလောင်းဖျောက်တာကိုပါ ကျူးလွန်နေတဲ့အတွက် ယင်းအန္တရယ်ကနေ ကင်းအောင် ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ် ။
အာရက္ခဒေသအတွင်း မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ စွန့်လွှတ်မိုင်းတွေ မနင်းမိစေဖို့နဲ့ အာရက္ခပြည်သူတွေအနေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို ရောက်သွားခဲ့ရင် စစ်သားစုဆောင်းမခံရစေဖို့ ၊ လူမှောင်ခိုကျားဖြန့်ဂိုဏ်းတွေထဲ မရောက်မိစေဖို့ အပြင် ရခိုင်ရိုးမနယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အတွက်ကြောင့် လူ ၊ မိုင်း အန္တရယ်ကင်းဝေးစေရေး ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ရတာဖြစ်ပြီး အရေးပေါ်ကာလ ပြန်လည်ရုပ်သိမ်းမယ့် အချိန်ကို ထပ်မံအသိပေး ကြေငြာသွားမယ်လို့လည်း ကြေငြာချက်ရဲ့ နောက်ဆုံးအပိုဒ်မှာ ထည့်သွင်းရေးသားထားပါတယ် ။