

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ နဲ့ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီး လမ်းဆုံတွေမှာ စစ်ကောင်စီအဖွဲ့တွေက စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို မြိုခံတွေဆီက သိရပါတယ်။
အဓိက ဖမ်းဆီးတတ်တဲ့နေရာတွေကတော့ ဒေါင်းမြတ်နားလမ်းဆုံ၊ မြောင်ရှည် ရေနံလမ်းပေါက်၊ ကံမလမ်းခွဲ အဲဒီနေရာတွေမှာ နေ့တိုင်းလိုလို ဖမ်းဆီးတာဖြစ်ပြီး နတ်မောက်လမ်းဆုံမှာလည်း ရံဖန်ရံခါ ဖမ်းဆီးမှုပြုလုပ်တတ်တယ်လို့ ပြောပါတယ်။
“အခုဆိုရင် လယ်သမားတွေ ကိုယ့်လယ်ကို မလုပ်ရဲတော့ပါဘူး။ လယ်ထွန်စက်ပေါ်က မောင်းတဲ့သူတွေလည်း ဖမ်းဆီးပေါ်တာဆွဲနေတာဆိုတော့ လယ်သမားတွေ လယ်လုပ်ဖို့ အခက်အခဲ အရမ်းရှိနေလို့ အထက်လူကြီးများသိအောင် ဒို့ပြည်က တင်ပြပေးပါခင်ဗျာ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ဆေးတဲ့အဖွဲ့တွေမှာ စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လိုက်ပါတတ်ပြီး ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေကို စစ်ဆေးသလို လူငယ် ၂ ယောက်ဆိုင်ကယ် ၁ စီးစီးတာတွေကိုလည်း အဓိကစစ်ဆေးကာ ပေါ်တာဆွဲဖမ်းဆီးထားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပြည်သူတွေ အခုလိုဒုက္ခမျိုးစုံ ရောက်နေကြတာကို အထက်ကလူကြီးတွေက မသိတာလား မသိချင်ယောင် ဆောင်နေတာလား။” ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန်ဟာ ပန်းတောင်းမြို့နယ်အတွင်း နွေစပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် လယ်လုပ်သးတွေအနေနနဲ့ မဖြစ်မနေလုပ်ငန်းခွင့်သွားဖို့ လိုအပ်နေပြီး ဖမ်းဆီးမှုတွေကြောင့် အခက်ခဲတွေ့နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကလည်း နတ်မောက်လမ်းဆုံမှာ ဆိုင်ကယ်ဖမ်းဆီးတဲ့အဖွဲ့နဲ့ တွေ့လို့ ထွက်ပြေးတဲ့ လယ်သမားလူငယ်(၂) ဦးကို ပန်းတောင်းရဲစခန်းမှူးက အရက်မှူးပြီး သေနတ်နဲ့ ပစ်ဖောက်ဖမ်းဆီး ဖို့ ကြိုးစားခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။