ပေါက်ခေါင်း ရွာ ၂ ရွာကို အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံတွေ ရှောင်တိမ်းရ

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပေါင်းစပါးကျေးရွာနဲ့ ဆူးပုတ်ကုန်း ရွာဘက်ကို စစ်ကောင်စီတပ်သားတွေက ယနေ့ မေလ ၁၇ ရက်နေ့ နေ့လည် ပိုင်းက စစ်ကြောင်းထိုးပစ်ခတ် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က ဝင်ရောက်လာတာဖြစ်ပြီး ပေါင်းစပါးရွာနဲ့ ဆူးပုတ်ကုန်းရွာကြားကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးက ဒို့ပြည် ကို ပြောပါတယ်။

” နေ့လည်က ရမ်းသမ်းပစ်လာတာ။ ရွာကလူတွေအကုန်ကြောက်နေကြတယ်။ ပေါင်းစပါးကသူတွေအကုန်ပြေးကြပြီ။ ” လို့ သူကဆက်ပြောပါတယ်။
ပေါင်းစပါးကျေးရွာဟာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ပေါက်ခေါင်းမြို့နဲ့ ဆိုင်ကယ် နာရီဝက်စီးခန့်လောက်ဝေးပြီး စစ်ရှောင်ပြေးကြရတာ ပထမဆုံးအကြိမ်လို့ ဆိုပါတယ်။

“အရင်က စစ်ကြောင်းခဏခဏထိုးတယ်။ ရွာမှာလာပတ်တယ်။ လူတွေဖမ်းတယ်။ စစ်မှုထမ်းအတွက်။” လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွါသွားပြီး ကွမ်းအုံစုဘက်ကို ဦးတည်သွားပေမဲ့ ဘယ်ရွာကိုသွားမယ်ဆိုတာ မသေချာဘူးလို့ ပြောပါတယ်။

ပေါက်ခေါင်းနဲ့ အုတ်တွင်းကားလမ်းမှာရှိတဲ့ ကြက်မနက်စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုတွေက မေလ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့ကြပြီး စခန်းကနေထွက်ပြေးသွားတဲ့ စစ်သားတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့အတွက် ထိတွေ့မှုတွေ ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်တဦး ကလည်း ပြောပါတယ်။

ပေါင်းစပါးကိုဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ရိုးမပေါ်ကို စစ်ကူလာရောက်တဲ့ စစ်ကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

You may also like these