ပေါက်ခေါင်းမှာ ရွာမီးရှို့နေတဲ့ စစ်တပ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁ ဦးသေ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းကျေးရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၆ ရက် မနေ့ နေ့လည် ၁ နာရီကျော်ခန့်က စစ်ကောင်စီတပ်သားတွေ ရွာမီးရှို့နေချိန်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ ကြတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဒို့ပြည် ကိုပြောပါတယ်။

“သူတို့တွေ ရွာထဲမှာမီးရှို့နေချိန် ဝင်ပြီးတိုက်ခိုက်တာပဲ။ ရွာထဲကိုတော့ မဝင်ဘူး။ အပြင်ကနေတိုက်ခိုက်တာပါ။ မီးရှို့ခံရတဲ့ အိမ်တွေကတော့ အိမ်ကြီးအိမ်ကောင်းတွေများတယ် စစ်ရှောင်ကတော့တရွာလုံးရှောင်လိုက်ရတာပဲ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဆက်ပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေ့ည ၈ နာရီလောက်မှာ ကား ၃ စီးနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေကို တင်ဆောင်ကာ ပေါက်ခေါင်းမြို့ဘက်ကို ဆုတ်ခွါသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မီးရှို့လို့ ဒေသခံနေအိမ် ၁၅ အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၀၀ ခန့်စစ်ရှောင်နေကြရတယ်လို့ ဒေသခံအမျိုးသားတဦး က ဒို့ပြည် ကို ပြောပါတယ်။

“အရင်တခါလည်းစစ်ကြောင်းထိုးပြီး မီးရှို့သေးတယ် မီးရှို့ပြီးတော့ ရွာထဲအိမ်တွေကိုလိုက်မွှေပြီး ပစ္စည်းတွေသယ်သွားတယ်။ ခုတစ်ခါရောဆို ရွာဘက်ကိုဝင်တာ ၅ခါရှိပြီ” လို့ ဒေသခံအမျိုးသား က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ ၆၆ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်ပြီး အင်အား ၇၀ ခန့်နဲ့ ငှက်တော်ဦး ဘက်ကနေ သိုက်ချောင်းရွာကို ဆင်းလာကာ မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ အမှတ်(၁) တပ်ရင်း၊ တပ်ခွဲ-၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၅ နဲ့ ပေါက်ခေါင်းမြို့နယ်ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ ဗောဓိကုန်း၊ သိုက်ချောင်း၊ နတ္တလင်း၊ ပေါင်းစပါး ကျေးရွာတွေဘက်ကို လှည့်လည်သွားလာနေတယ်လို့ ပြောပါတယ်။

ပုံစာ-မေလ ၂၆ ရက်နေ့ မနေ့ နေ့လည်က သိုက်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေစဉ်ပုံ နဲ့ မတ်လအတွင်း ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ရှောင်ရတဲ့ ဒေသခံများ

You may also like these