

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုစစ်ကောင်စီအထိုင်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၃၀ကျော်နဲ့ အထိုင်ချ တပ်ဆွဲထားတဲ့ စခန်းကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ နံနက် ၆ နာရီက စတင်တိုက်ခိုက်ခဲ့တာ လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ဆီက သိရပါတယ်။
“ဗိုလ်ရုံစုစစ်ဆင်ရေးကိုမဆင်ခင် တပတ်လောက်အချိန်ယူတယ် စစ်ကူလာမယ့် လမ်းတွေကအစ ကြည့်တယ် ပြီးမှ စစ်ဆင်ရေးစတယ်။ ဝင်ရောက်တိုက်ခိုက်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်စုံတယ်။ ပြန်လည်ပြင်းပြင်းထန်ထန်ခုခံတယ်။” တပ်ခွဲမှူး ရဲဘော်ဒေဝက ဒို့ပြည်ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၃ နာရီခွဲခန့်ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး နံနက် ၉ နာရီ ခွဲခန့်မှာတော စကစလက်အောက်ခံ ခမရ(၆) တိမ်မြုပ်တပ်မှ စခန်းလက်မလွတ်ရရေးအတွက် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးလာလို့ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစေရန် အနည်းငယ် နောက်ဆုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ညနေပိုင်းမှာတော့ ရည်ရွယ်ချက်ကြီးကြီးနဲ့ အပြီးသိမ်းမှဖြစ်မယ်ဆိုပြီး သတိကြီးစွာ အတင်းကပ်တယ်။ ပစ်တယ် အဲဒီအချိန်မှာပဲ မနက်ကလိုမဟုတ်ဘဲ ပစ်အားတွေလျော့လာချိန် ခပ်စိပ်စိပ်မပစ်နိုင်တော့ချိန် ခမရ ၆ ၁၂၀ မမ ၁၀ လုံးလောက်ထုပေးချိန် အမှောင်ကို အားယူစခန်းကိုစွန့်ပြေးသွားတယ်” တပ်ခွဲမှူးရဲဘော်ဒေဝ က ဒို့ပြည် ကို ပြောပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီခန့်မှာတော့ ထပ်မံတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီ ခွဲခန့်ကြာ အပြန်အလှန် ပစ်ခတ်ကြပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က သေဆုံးတဲ့ စစ်သား ၈ ဦးရဲ့ အလောင်းတွေကို အရသယ်ပြီး စခန်းစွန့် ထွက်ပြေးကြတယ်လို့ သိရပါတယ်။
စွန်ခွါထွက်ပြေးသွားတဲ့ စခန်းကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ စခန်းအတွင်းမှ ၆၀မမ အသီး ၁၂ လုံး၊ လက်ပစ်သီး ၅ လုံး၊ ၅.၅၆ ကျည် အတောင့် ၃၀၀၊ အီနာဂါပို့ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၃ လုံး သိမ်းဆည်း ရရှိခဲ့ကာ စခန်းအား မီးရှို့ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။