

ကျောင်းသားကျောင်းသူနဲ့ ဆရာမ စုစုပေါင်း ၂၄ ဦးအထိ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ကူညီပေးနေကြတဲ့ ဗကသများအဖွဲ့ချုပ်၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဟိန်းခန့်အောင် ကို ဒို့ပြည် က မေလ ၁၂ ရက်နေ့ညမှာပဲ ဆက်သွယ်မေးမြန်း(အင်တာဗျူး) ခဲ့တာတွေကနေ ထုတ်နှုတ်ဖော်ပြ လိုက်ပါတယ်။
မေး- သမဂ္ဂအဖွဲ့တွေ ဘယ်လိုများ ကူညီဆောင်ရွက်ပေးနေလဲခင်ဗျာ
ဖြေ – မြေပြင်မှာ သွားကူညီတဲ့အခါမှာ ၁၀ ယောက်ကျော်ကျော်လောက်နဲ့ သွားကူညီကြတယ်။ ဘယ်လိုတွေကူညီဆောင်ရွက်ပေးနေလဲဆိုတော့ အရေးပေါ်သွေးလိုတယ်လို့ပြောလို့ သွားကြတယ် ။ လူနာတွေကို ရွေ့တာတွေရှိတယ်။ ဒါတွေကိုကားတွေပါ် ကူရွေ့ကြတယ်။
နေ့လည်ပိုင်းမှာကြတော့ ဒီလူနာတွေလူနာရှင်တွေ စားစရာမပါတော့ မု့န်တို့ရေတို့ ကူညီပေးတာရှိတယ်။
မေး – ဒီပဲယင်းမှာ နောက်ဆုံးအခြေအနေ ဘာတွေဆက်ဖြစ်နေလဲ ကလေးတွေနဲ့ မိဘတွေ ဘယ်လို ဖြစ်နေကြပြီလဲ
ဖြေ-ကလေးတွေမိဘတွေကတော့ တော်တော်လေး စိတ်ဒဏ်ရာရနေတယ်။ ဒဏ်ရာရတဲ့ကျောင်းသူကျောင်းသားတွေကတော့ ကျနော်တို့နဲ့ စကားပြောတဲ့အခါ နားတွေတော်တော်အူနေတယ် ကျနော်တို့ပြောတာ ဘာမှမကြားရဘူး ပြောတယ်။ တော်တော်အခြေအနေဆိုးပါတယ်။ ဒီဘက်မှာ ကျောင်းသူကျောင်းသားတွေ လက်တွေခြေထောက်တွေမှာ ဒဏ်ရာအများဆုံးရတာ ရှိတယ်။ တချို့ကျောင်းသားတွေဆို အောက်စီဂျင်ပေးတာတောင် အသက်ရှုဖို့တော်တော်ခဲယဉ်းတယ်။
သေဆုံးသတင်းကတော့ ၃၀ နီးပါးလောက်ရှိတယ်လို့ ကြားရတယ်။ ဒဏ်ရာရတာကတော့ ၁၀၀ နီးပါးလောက် ရှိတယ်။
မေး- ကျောင်းသူကျောင်းသားတွေ ဆေးကုသတဲ့နေရာမှာ ဆေးဝါးလုံလောက်မှုရှိလား ကျွမ်းကျင်ဆရာဝန် ကျန်းမာရေးမှူးတွေရှိနေလား
ဖြေ- ကျနော်တို့ အခုကုသနေတဲ့ ဆေးရုံဆေးခန်းတွေမှာ ကျွမ်းကျင််တဲ့ ဆရာ၊ ဆရာမတွေရှိတော့ရှိတယ်။ ဒါပေမဲ့ လူအင်အားနည်းပါးတာတွေ့ရတယ်။
ဆေးဝါးလိုအပ်ချက်ကရှိနေတယ်။ ဘာလို့လည်းဆိုတော့ လူအင်အား ၁၀၀ ကျော်လောက်ကိုကုနေရတဲ့ အနေအထားမှာ တော်တော်လေးကို လိုအပ်တာ ရှိတယ်။
မေး – အခုချိန်မှာ အရေးတကြီးလိုအပ်နေတာ ဘာများဖြစ်မလဲ ဘာတွေထောက်ပံ့ဖို့လိုမလဲ
အရေးတကြီးလိုအပ်နေတာ ဆေးဝါးမလုံလောက်မှုတွေ ဖြစ်တဲ့အတွက် ဆေးဝါးကတော့ တော်တော်လိုအပ်တယ်။ ဒီ ရက်အတိုအတွင်းမှာ လူနာစောင့်နဲ့ လူနာတွေအတွက် စားစရာအဝတ်အစားလိုအပ်တယ်လို့ ကျနော်ထင်တယ်။
မေး – ဘယ်လိုဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ထင်လဲ အဲဒီကျောင်းမှာရော PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ရှိလို့ ဗုံးကြဲတာလို့ ပြောနေတယ် မြေပြင်အခြေအနေက ဘယ်လိုရှိလဲခင်ဗျာ
ဖြေ- အဲဒီကျောင်းမှာ ပီဒီအပ်တွေလည်း မရှိသလို တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေလည်း မနေထိုင်ဘူးလို့ ကျနော်တို့ သိရတယ်။
မေး – ဒီလိုတွေထပ်ပြီးမဖြစ်ဖို့ ဘယ်လိုရှောင်ကြဉ်ရမလဲ ဘာတွေလိုအပ်သလဲခင်ဗျာ
ဖြေ – ဒီလိုတွေထပ်မဖြစ်အောင် လေကြောင်းသတင်းကို တိတိကျကျ မြန်မြန်ဆန်ဆန်ရဖို့ လိုအပ်တယ်။ ရွာထဲမှာရှိတဲ့ နေအိမ်တွေအလိုက် ဗုံးခိုကျင်းတွေတူးတာ ဖြစ်ဖြစ် လုပ်သင့်တယ်။ လေကြောင်းလာပြီဆို ဗုံးခိုကျင်းတွေထဲ ရောက်နေဖို့လိုတယ်။