

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းအုပ်စု၊ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်း မှ ဒုရဲအုပ်နယ်ထိန်းမာန်ဟိန်း ဟာ သေနတ်နဲ့ပစ်ခတ်ခံရလို့ နေရာမှာပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ယမန်နေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကြို့ပင်ကောက်မြို့ဘက်ကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ နယ်ထိန်းမာန်ဟိန်း ကို အလယ်ကုန်းကျေးရွာ အနောက်ဘက် လမ်းမပေါ်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲ့ ရဲဘော်တွေက ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“စောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ အခွင့်ရေးရတာနဲ့ ငရဲပို့ပစ်ခဲ့တာပါ ခေါင်းတချက်ထဲ။ တာဝန်ကျတဲ့ အလယ်ကုန်းစခန်းကနေ ကအပြန် သတင်းရလို့စောင့်ပြီး ရှင်းခဲ့တာပါ” လို့ တပ်ခွဲ ၄ မြေအာက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တပ်ခွဲမှူးရဲဘော်ဒေဝ က ဒို့ပြည် ကို ပြောပါတယ်။
တိုက်ခိုက်စဉ်မှာ နယ်ထိန်းမာန်ဟိန်းက အနီးနားက နေအိမ်ထဲကို ထွက်ပြေးသွားတဲ့အတွက် အဲနေရာကို လိုက်လံပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအပြီး လူနာတင်ကားရောက်ရှိလာကာ ရင်ခွဲရုံကိုချက်ချင်းသယ်သွားတယ် လို့ သိရပါတယ်။
“ရရှိတဲ့ စကားပြောစက်ကနေ မြို့မစခန်းမှုးရဲ့အသံနဲ့ အသားဖြူဖြူ အရပ်မြင့် တွေ့ရာ အကုန်ဖမ်းဆိုပြီး အမိန့်ပေးသံ ကြားရတယ်” လို့ တပ်ခွဲမှူးရဲဘော်ဒေဝ က ပြောပါတယ်။
နယ်ထိန်းမာန်ဟိန်း ဆီကနေ G3 ကျည် အတောင့် ၂၀၊ စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနဲ့ ငွေ ၆၀၀ ကျပ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နယ်ထိန်းမာန်ဟိန်းဟာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာ၊ ဆိုင်ကယ်စီးပြည်သူ ၂ ဦးကို ရပ်မပေးလို့ဆိုကာ အခြားရဲ၊ စစ်သား တွေနဲ့ ပစ်ခတ်တာ၊
လူငယ်တွေကို ဖမ်းဆီးရာမှာ စစ်သားတွေနဲ့ ပူးပေါင်းတာ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းတာ၊ ခြိမ်းခြောက်ငွေတောင်းတာတွေကို ပြုလုပ်ခဲ့တယ်လို့ တပ်ခွဲ ၄ ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။