

ရခိုင်ပြည်နယ်မှာ ဒီကနေ့ မေလ ၁၃ရက်နေ့ တနေ့တည်းမှာ စစ်ကောင်စီတပ်က မြို့နယ် ၂ခုကို ဗုန်းကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိဦးရေ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ် ။
ဒီနေ့ နံနက် ၃နာရီ ၅၅မိနစ်အချိန်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ လိပ်ခမော် (ရွာဟောင်း) ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုန်းကြဲခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းကိုထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။
အလားတူ နံနက် ၁၀ နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုန်းကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၇ယောက် သေဆုံးခဲ့ပြီး ၁၃ ယောက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၂၀ခန့် ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ် ။
“ သေဆုံး ဒဏ်ရာရရှိတဲ့ လူတွေထဲမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ် ၊ ဂျက်ဖိုက်တာနဲ့ ဗုန်းလာချသွားတာပါ ၊ ဒဏ်ရာရှိတဲ့ လူတွေလည်း အရမ်းများပါတယ် “ လို့ ဒေသခံတဦးက ပြောပါတယ် ။
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ကို Y12 ဂျက်လေယဉ်နဲ့ မကြာခဏ ဗုန်းကြဲလေ့ရှိပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားနေတယ်လို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ် ။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မော်စကိုမှာပြုလုပ်တဲ့ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ ၈၀ပြည့်အခမ်းအနားကို တက်ရောက်နေချိန်မှာ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လေယဉ်နဲ့ ဗုန်းကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ မှာ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကို ဂျက်ဖိုက်တာနဲ့ သုံးကြိမ်ဗုန်းကြဲခဲ့တဲ့အတွက် လူနေအိမ် ၁၄လုံး ပျက်စီးခဲ့ပြီး ၄ဦးဒဏ်ရာရရှိခဲ့ကာ မေလ ၁၂ ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ်၊ အိန်းထိန်းတွင်း (အိုးတိန်တွင်း) ကျေးရွာ စာသင်ကျောင်းကို ဗုန်းပစ်ချခဲ့တဲ့အတွက် ဆရာမ ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရှိခဲ့ပါတယ် ။
သတင်း-ကျော်ဇံ၊ စာတည်း-ခက်ငြိမ်း
ပုံစာ-စစ်ကောင်စီလေကြောင်းဗုံးကြဲလို့ ထိခိုက်ပျက်စီးခဲ့ရတဲ့ ကျောက်ဖြူမြို့နယ် နဲ့ ရသေ့တောင်မြို့နယ်အတွင်း မြင်ကွင်းများ။