ငလျင်ကြောင့် အိုးဘို‌ထောင်အတွင်း အသက်ဆုံးရှုံးခဲ့ကြရသည့် နိုင်ကျဉ်းများနှင့် ရှင်သန်ခွင့် မရတော့သည့် နိုင်ကျဉ်းမိခင်များ၏ သ‌န္ဓေသားငယ်များ

By-သိုက်ထွန်းဦး(PPNM)

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် လှုပ်‌ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအသီးသီးတွင် လူသေဆုံးမှုနှင့် အဆောက်အအုံထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့သည်။ ငလျင်‌ကြောင့် လူသေဆုံးမှု ၃၇၀၀ ကျော်ရှိခဲ့ကြောင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်များမှတဆင့်သိရှိရပြီး အကျဉ်းထောင်များမှ သေဆုံးခဲ့သည့်ကိန်းဂဏန်း အရေအတွက်များ ထပ်ပေါင်းထည့်ရန် လိုအပ်နေဆဲဖြစ်သည်။

အိုးဘိုထောင်တွင်း ငလျင်၏ ဆိုးရွားသည့်ရိုက်ခတ်မှုများ

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း ငလျင်ကြောင့် ကြွေလွင့်ခဲ့ရသည့်အသက်များစွာ ရှိခဲ့သည်။ငလျင်လှုတ်ခတ်ခဲ့သည့် မတ်လ(၂၈)ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်အချိန်သည် အကျဉ်းထောင်များ၏ တန်းပိတ်ချိန်(အကျဉ်းသားအား အခန်းတွင်းပိတ်ထားချိန်)ဖြစ်သောကြောင့် လူသေဆုံးမှုပိုမို၍ များပြားခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် အမျိုးသားအိပ်ဆောင်(၃)(၄)(၆)၊အမျိုးသား အလုပ်ရုံ၊အမျိုးသမီးအိပ်ဆောင်(၁)/အမျိုးသမီးဆေးရုံ‌ဆောင်တို့လည်း ထိခိုက်ပျက်ဆီးခဲ့သည်။ အဆောက်အအုံပျက်စီးမှုအတွင်း အကျဉ်းသား/အကျဉ်းသူ(၆၄)ဦးအနည်းဆုံး သေဆုံးခဲ့ပြီး သေဆုံးမှုထဲတွင် နိုင်ငံရေးအကျဉ်းသား(၁၈)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ(၂၃)ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ(၄၁)ဦး ပါဝင်ခဲ့သည်။ သေဆုံးမှုထဲတွင် ကိုယ်ဝန်သည် နိုင်ငံရေးအကျဉ်းသူနှစ်ဦး၏ သန္ဓေသားငယ်(၂)ဦးလည်း သေဆုံးခဲ့ရသည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ(၁၄၀)ကျော်အထိရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးရသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူအနည်းဆုံး(၄)ဦးရှိသည်။ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကြောင့် ကြွေလွင့်ခဲ့ရသူအချို့သည် ငလျင်ကြောင့်မဟုတ်ပဲ ထောင်အာဏာပိုင်များ၏ စီမံခန့်ခွဲမှုအားနည်းခြင်းအပါအဝင် ထောင်တွင်းဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

မတ်လ(၂၈)ရက်ငလျင်‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများစုမှာ အရေးပေါ်ဆေးဝါးကုသခွင့်ပေးရန် ထောင်အာဏာပိုင်များထံ တင်ပြတောင်းဆိုခဲ့သည့်တိုင် ဆေးဝါးကုသခွင့်အပြည့်အဝမရရှိခဲ့ကြပေ။အထူးသဖြင့် ထောင်ပြင်ပသို့သွားရောက်ကုသ‌ပေးမှသာ ကုသနိုင်မည့်အသက်များသည် ထောင်တွင်းပိတ်ပင်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။

ရှင်သန်ခွင့်မရတော့သည့် နိုင်ကျဉ်းမိခင်နှင့် သ‌န္ဓေသားငယ်များ

ထောင်ပြင်ပသို့ ပို့ဆောင်ချိန်နောက်ကျခဲ့သည့်အတွက် သေဆုံးခဲ့ကြရသူများတွင် ကိုယ်ဝန်လွယ်ထားရသည့် နိုင်ငံရေးအကျဉ်းသူ မနွယ်နီဝင်းလည်း တစ်ဦးအပါဝင်ဖြစ်သည်။ အသက်(၄၁)နှစ်အရွယ် မနွယ်နီဝင်းသည် ဖမ်းဆီးခံထားရစဉ်အချိန်ကတည်းက ကိုယ်ဝန်(၅)လသားကို လွယ်ထားရသူဖြစ်သည်။ ကိုယ်ဝန်ရနေစဉ်ကာလဖြစ်သည့် ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ကျောက်မဲမှ မန္တလေးသို့ လာရာလမ်းခရီးအတွင်းရှိ (၁၆)မိုင်ဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖုန်းကိုစစ်ဆေးရာတွင် ၂၀၂၁ ခုနှစ်အစောပိုင်းကာလများအတွင်း ဆန္ဒပြခဲ့သည့်ဓာတ်ပုံအပါအဝင် ဆန္ဒပြပြည်သူများကို သောက်ရေသန့်ဗူးဝေခဲ့သည့် ဓာတ်ပုံများကို တွေ့ရှိသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

မနွယ်နီဝင်းသည် ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ချမ်းမြသာစည်ရဲစခန်းမှ ၅၀၅(က)ကို တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့သည်။ အမှုကိုရင်ဆိုင်နေရစဉ်ကာလအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် အကျဉ်းထောင်ပြင်ပရှိ မန္တလေးအမျိုးသမီးဆေးရုံသို့ တက်ခွင့်ရရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း အပြင်ဆေးရုံများတွင်လည်း လူနာများပြည့်နေကြောင်းသာ အကြောင်းပြ၍ ထောင်ပြင်ပဆေးရုံများသို့ သွားရောက်ကုသခွင့်အား ငြင်းပယ်ခံခဲ့ရသည်။

မတ်လ(၂၈)ရက်နေ့မှာ ရရှိခဲ့သည့်ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့်အတွက် ဝမ်းတွင်းရှိ ကလေးငယ်မှာ နှလုံးမခုန်တော့သည့် ဧပြီလ(၁၄)ရက်နေ့ရောက်မှသာ ထောင်ပြင်ဆေးရုံသို့ ထွက်ခွင့်ရခဲ့သည်။ဆရာဝန်များ၏ သေဆုံးသွားသည့် သန္ဓေသားငယ်ကိုထုတ်ယူပေးခဲ့သော်လည်း ဝမ်းဗိုက်သားအိမ်အတွင်း ပိုးဝင်ထားသည့်အတွက် မိခင်ဖြစ်သူပါအသက်ပေးခဲ့ရသည်။ မနွယ်နီဝင်း၏ သေဆုံးခဲ့ရမှုဖြစ်စဉ်အမှန်အပေါ် မိသားစုဝင်များမှ ယနေ့ချိန်အထိတိုင် မသိရှိသေးသည့်အပြင် ငလျင်‌ကြောင့်အိုးဘိုထောင်တွင်း‌ သေဆုံးခဲ့သူများထဲတွင် မနွယ်နီဝင်း ပါဝင်ခဲ့သည်ကိုပါ မိသားစုဝင်များ မသိရှိကြသေး၍ ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ ရက်လည်ဆွမ်းကျွေးပင် မပြုလုပ်ကြရသေးကြောင်း စိတ်မကောင်းဖွယ်သိရှိခဲ့ရသည်။

ကြွေလွင့်ခဲ့ရသည့်နိုင်ကျဥ်းများကိုယ်စားအထူးတောင်းဆိုချက်

မနွယ်နီဝင်းအပါအဝင် ထောင်တွင်းလူမသိ သူမသိသေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများထပ်မံ မရှိလာ‌‌စေရန် အကျဉ်းထောင်များကို စောင့်ကြည့်ကူညီမှုများအထူးလိုအပ်လျက်ရှိ‌သည်။

လက်ရှိအချိန်ထိ အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် သမ္မတကြီးဦးဝင်းမြင့်၊အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာပြည်သူများအပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊ ကုလသမဂ္ဂ(UN)၊ဥရောပသမဂ္ဂ(EU) ၊အာဆီယံ(ASEAN)နှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအနေဖြင့် အထူးအလေးထား၍ အားစိုက် တောင်းဆိုရန်တိုက်တွန်းအပ်ပါသည်။

မလွတ်မြောက်ခင်ကာလများအတွင်း၌လည်း နိုင်ငံရေး အကျဉ်းသားများအပေါ် ထိရောက်သည့်ကူညီထောက်ပံ့မှုများပေးရန် လိုအပ်သည့်အပြင် စစ်ကောင်စီနှင့်အကျဉ်းဦးစီးဌာနအပေါ်တွင်လည်း အကျဉ်းထောင်တွင်း ကျန်းမားရေးစောင့်ရှောက်မှု ပြည့်ဝစွာရရှိ‌ရေးနှင့်ပက်သက်ပြီး လွတ်လပ်သည့်အဖွဲ့အစည်းများဖြစ်သည့် ICRC(International Committee of the Red cross)၊HRW(Human Rights Watch)၊AI(Amnesty international)တို့အနေဖြင့် ထိရောက်သည့် ဖိအားပေး တောင်းဆိုမှုများကို လက်တွေ့လုပ်ဆောင် ပေးပါရန် အကျဉ်းထောင်များအတွင်းသေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများကိုယ်စား အလေးနက် တိုက်တွန်းလိုက်ရပါသည်။

(ကိုသိုက်ထွန်းဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင်တစ်ဦး ဖြစ်သည်။)

ယခုဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ဒို့ပြည် သတင်းဌာနက ထပ်ဆင့်ဖော်ပြပါသည်။

You may also like these