

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည််မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်ဘုရား ပေါ်မှာ ဗုဒ္ဓဂါယာကနေ ယူဆောင်လာပြီး စိုက်ပျိုးထားတဲ့ ဗောဓိညောင်ပင်ကြီးဟာ အမြစ်ကလဲပြိုကျသွားပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
ဗောဓိညောင်ပင်ကြီးဟာ ယမန်နေ့ မေလ ၂၈ ရက်နေ့ ညနက် ၁၂ နာရီဝန်းကျင်ခန့်မှာ တပင်လုံးလဲပြိုကျပြီး ညောင်ပင်ကြီးအောက်မှာရှိတဲ့ ကျောက်ဆင်းတုတော်တဆူလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“မနေ့ကတည်းက အရင်ထက်ပိုင်းကွဲတာ၊ ညကတော့ တပင်လုံးလဲသွားတာလို့ သိရတယ်။ အခုမနက်မှတွေ့ကြတာ။ အပင်ပိလို့ ပျက်စီးတာတွေလည်း မြင်ရတယ်။ မိုးများတယ်” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဘုရားဖူးပြည်သူတဦး က ဒို့ပြည် ကိုပြောပါတယ်။
လက်ရှိပြိုကျသွားတဲ့ ဗောဓိညောင်ပင်ဟာ ဘိုးဘိုးအောင်နတ်နန်း အောက်မှာရှိတဲ့ ညောင်ပြင်ဖြစ်ပြီး ညောင်ရသွန်းပွဲကျင်းပရာ အပင်ဖြစ်တယ်လို့ မြို့ထဲရပ်ကွက်မှာ နေထိုင်သူ က ပြောပါတယ်။
ဘိုးဘိုးအောင်နတ်နန်းအပေါ်မှာလည်း ဗောဓိညောင်ပင်တပင်ရှိပြီး အဲဒီအပင်ကိုတော့ ညောင်ရေသွန်းခွင့်ပိတ်ပင်ထားကာ နှစ်ပင်စလုံးကို ဗုဒ္ဓဂါယာကနေ ယူဆောင်စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။
“အရင်ဗိုလ်ချုပ်ခင်ညွှန်ခေတ်ကောင်းနေချိန်ကလည်း ဒီကိုခဏခဏလာတယ် အဲဒါညောင်ပင်ကြီးကိုင်းကျိုးကျတာနမိတ်မကောင်းဘူးဆိုပြီး ပြောကြတာ မကြာဖူးဦးခင်ညွှန်ကို ဖမ်းတာပဲ အခုကတော့ တပင်လုံးအမြစ်ကလဲတာဆိုတော့ စစ်အာဏာရှင်တဖွဲ့လုံး ပြိုလဲမဲ့နမိတ်ပဲ” လို့ ယုံကြည်သူတဦး က လည်း မှတ်ချက်ပေးပါတယ်။
ပြည်မြို့ဟာ စစ်အာဏာရှင်အဆက်ဆက် အကြီးပိုင်းတွေနဲ့ ကတော်တွေဟာ ပြည်ဝင်ပြည်ထွက် ယတြာတွေကို ယုံကြည်စွာလာရောက်ပြုလုပ်လေ့ရှိပြီး ဝန်ချတောင်မှာ လာရောက်ယတြာချေကြတာအပြင် ဗေဒင်လက္ခဏာ၊ ယတြာနာမည်ကြီးတဲ့ ဘုန်းကြီးတွေဆီကိုလည်း မကြာခဏဝင်ထွက်သွားလာကြလေ့ရှိပါတယ်။