ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီး နဲ့ ရဲစခန်းပေါင်းပြီး ပေါ်တာဆွဲထားတဲ့ လူငယ်တွေကို တဦး ၇၅ သိန်းနဲ့ ရောင်းစား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနနဲ့ ရဲစခန်းတို့ပေါင်းပြီး စစ်မှုထမ်းအစားထိုးဆိုကာ လူငယ်တွေကို ရောင်းစားနေကြတယ်လို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်တွေမှာ ကျေးရွာတအုပ်စုကို လူစားထိုး ၁ ဦးထည့်ပေးရတာဖြစ်ပြီး ၇၅ သိန်းနဲ့ ထွေအုပ်-AD အောင်သူရ၊ ဒုဦးစီးချစ်ကိုကို နဲ့ ရဲစခန်းပေါင်းပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်ရောင်းနေတာလို့ ဆိုပါတယ်။

“တယောက်ကို ၇၅ သိန်းနဲ့ဝယ်ရတာ။ ကျန်ခဲ့တဲ့လကတော့ အုပ်ကြီးတွေက လူရှာမပေးနိုင်တော့ ထွေအုပ်က အခုလိုဖမ်းထားတဲ့ လူတွေကို ငွေပေးဝယ်ရတာ” လို့ မြို့ခံတဦးက ဒို့ပြည် ကို ပြောပါတယ်။

အဲဒီလို စစ်မှုထမ်းအစားထိုးဝယ်ဖို့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာ တအိမ်ကို ၂ သောင်းကျပ်နဲ့ အိမ်ထောင်စုနည်းတဲ့ ရွှေညီနောင်အုပ်စုမှာတော့ တအိမ်ကို ၃ သောင်းထည့်ရတယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကို ပြန်ရောင်းနေတာ ဒီလိုလူတွေကို တိုင်းအဆင့်ကနေ ဗဟိုလူကြီးတွေအထိ သိအောင်ပြောပေးပါဗျ။ ဒီလိုလူတွေ ရှိနေတာပန်းတောင်းမြို့နယ်အတွက် အရမ်းနစ်နာပါတယ်။ ကူညီပေးပါ” လို့ မြို့ခံနောက်တဦးက လည်းဒို့ပြည်ကို ပြောပါတယ်။

ယမန်နေ့ မေလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်ကတော့ စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက်ဆိုပြီး ပန်းတောင်း၊ နတ်မောက်ရွာက လူငယ် ၃ ဦးကို ဖမ်းဆီးသလို အခြားကျေးရွာအုပ်စုတွေက လူငယ်များစွာကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

You may also like these