သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲ စိုက်ပျိုးရေးစခန်းရှိ စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ အထိုင်ချတပ်ဆွဲပြီး ဒေသခံတွေကို စစ်ဆေးငွေတောင်းနေတဲ့ စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ မေလ ၅ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်က အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကျနော်ဘက်က မောင်းပြန်အော်တိုတွေနဲ့ ပစ်ခဲ့တာ။ သူတို့ဘက်ကလည်း လက်နက်ငယ်အပြင် ၄၀ မမ နဲ့လည်းပစ်တယ်။ အင်အား ၈ ဦးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ ပစ်ခတ်တိုက်ခိုက်ဖို့ တပတ်ခန့်အချိန်ယူစုံစမ်းခဲ့ရပါတယ်” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ Shadow က ဒို့ပြည် ကိုပြောပါတယ်။

အဲဒီဂိတ်စခန်းမှာ စစ်သား အင်အား ၁၀ ဦးခန့် ရှိကာ ဂိတ်စခန်းဖွင့် စစ်ဆေးနေတာဖြစ်ပြီး တိုက်ခိုက်ခံရမှုမှာ သေဆုံးထိခိုက်တာတွေရှိလို့ ညတွင်းချင်းပြည်မြို့ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှတော့ ဂိတ်စခန်းမှာ အင်အားတိုးမြှင့်ထားသလို ဂိတ်အနီးက ဆင်ခေါင်းရွာကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ(၅) က ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ-စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြသည့် တပ်ခွဲ(၅) ရဲဘော်များ

You may also like these