

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်အကျဉ်းထောင်မှာ သေဒဏ်အမိန့်နဲ့ ထိန်းသိမ်းထားတဲ့ ဒေါ်မြင့်မြင်အေးအတွက် ထောင်ဝင်စာပို့ဖို့ ခက်ခဲနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါ်မြင့်မြင့်အေးကို ထောင်ဝင်စာလာပို့တဲ့သူမရှိတဲ့အတွက် အစားအသောက် နဲ့ တကိုယ်ရည်ကျန်းမာရေးကိစ္စတွေမှာ ခက်ခဲနေပြီး ထောင်အတွင်းကအခြားသူတွေ မျှဝေတာနဲ့ ဖြတ်သန်းနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
“ကျန်ခဲ့တဲ့ ဆွေမျိုးနီးစပ်တော်သူတွေက မသိနားမလည်လို့ မလာတာလား ထောင်က တွေ့ခွင့်ပိတ်ထားလားတော့မသိဘူး။ ထောင်ဝင်စာမလာဘူးလို့ သိရတယ်။ အရင်တခါ သွားတွေ့တုန်းကလည်း တွေ့ခွင့်မရဘူးလို့ ပြောကြတယ်” လို့ သူက ဆက်ပြောပါတယ်။
အသက်(၅၃) နှစ်အရွယ် ဒေါ်မြင့်မြင့်အေးကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ပေါင်းတည်အကျဉ်းထောင်၊ စစ်ခုံရုံးမှာ ပဲခူးတိုင်းစစ်ခုံရုံးအမှတ်(၂) ဒုတိယဗိုလ်မှူးကြီးမင်းနိုင်စိုးက ခေါင်းဆောင်ပြီး သေဒဏ်အမိန့်ချမှတ် ခဲ့တာပါ။
ဒေါ်မြင့်မြင့်အေး(ခ)မအေးလေး ဟာ ပေါင်းတည်မြို့နယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်ကဖြစ်ပြီး အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ-၄၉၊ ၅၀(က)၊ ၅၂(က)၊ ၅၄ တို့နဲ့ သေဒဏ်အမိန့်ချမှတ်ခံခဲ့ ရတာပါ။
“မအေးလေးရဲ့ သားနဲ့ ယောင်္ကျားကလည်း မြို့မှာမရှိတော့ဘူး။ တခြားမှာ။ ဆွေမျိုးနီးစပ်တော်သူတွေပဲ ရှိတယ်။ တောသူတောင်သားတွေဆိုတော့ နားမလည်ကြဘူးထင်တယ်” လို့ လုံခြုံရေးအရအမည်မဖာ်လိုသူတဦး က ပြောပါတယ်။
ဒေါ်မြင့်မြင့်အေးဟာ သွေးတိုးရောဂါကို ခံစားနေရသူလည်းဖြစ်ပြီး နိုင်ငံရေးနဲ့ သေဒဏ်ချခံထားရတဲ့သူဖြစ်တဲ့အတွက် ကူညီပေးလိုသူတွေမှာလည်း စစ်ကောင်စီရဲ့ ပိတ်ပင်တားဆီးမှုတွေကို စိုးရိမ်ကာ အခက်တွေ့နေတယ်လို့ သိရပါတယ်။
သူနဲ့အတူတူ နတ္တလင်းမြို့နယ်၊ မှန်တန်းကျေးရွာက မသင်းယုလှိုင်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကမှ ဖမ်းဆီးခံရပြီးနောက် တရက်တည်းမှာပဲ အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ၄၉၊ ၅၀(က)၊ ၅၂၊ ၅၄ တို့နဲ့ တသက်တကျွန်း ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။