

မေ ၃၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေမှုနဲ့ပတ်သက်ပြီး ပြည်မြို့အခြေစိုက် ကျောင်းသားသမဂ္ဂ(၃) ဖွဲ့က သဘောထားထုတ်ပြန်ကြေညာပါတယ်။
အဲဒီထုတ်ပြန်ကြေညာချက်ကိုတော့ မေလ ၃၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ နဲ့ ပြည်မြို့နယ်အခြေခံပညာရေးကျောင်းသားများသမဂ္ဂတို့က ပူးပေါင်း ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွတ်ရှုတ်ချပြီး သေဆုံးသူများရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရေကြောင်း ဆိုပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့၊ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာပါက ပြည်သူတွေကို ဘေးလွတ်ရာရှောင်တိမ်းနိုင်ဖို ကူညီတာ၊ အရေးပေါ်စစ်ရှောင်စခန်း၊ စားနပ်ရိက္ခာ၊ လေကြောင်းရန် လက်နက်ကြီးရန်တွေအတွက် ဗုံးခိုကျင်းတွေ ကြိုတင်ပြင်ဆင်ထားပေးကြဖို့ အကြံပြုထားပါတယ်။
” စစ်ကိုင်းဒေသလို လွတ်မြောက်နယ်မြေတွေမှာ စစ်ဘေးရှောင်တွေအတွက် အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့တွေလိုမျိုး အဖွဲ့အစည်းတွေကို ပြည်ဒေသက တက်ကြွလှုပ်ရှားသူတွေအနေနဲ့ အမြန်ဆုံးဖွဲ့စည်းကြဖို့ လိုအပ်ပါတယ်။” လို့ ပြည်အကသ ဥက္ကဌ က ဒို့ပြည် ကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကြောင်းသတင်းတွေကို နားစွင့်ကာ ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြဖို့ စစ်ကြောင်းဝင်ရောက်နေစဉ်မှာ မိမိတို့ကျေးရွာတွေကို ပြန်မဝင်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက နေရပ်ပြန်နိုင်ကြောင်း ကြေညာမှသာ ပြန်ကြဖို့ ကိုလည်း ပြောဆိုထားပါတယ်။
“ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂတွေအနေနဲ့လည်း ပေါက်ခေါင်း စစ်ဘေးရှောင်တွေကို လူကိုယ်တိုင်နဲ့ရော ငွေအင်အားနဲ့ရော ကူညီဖို့ လုပ်နေတာရှိပါတယ်။” လို့ ပြည်အကသ ဥက္ကဌ က ပြောပါတယ်။
မြို့ပေါ်နေပြည်သူလူထုတွေအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကြဖို့ တိုက်တွန်းထားပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ နံနက်ကတည်းက စတင်ပြီး စစ်ကောင်စီက ကွမ်းအုံစု၊ အိုင်စောက်၊ သိုက်ချောင်း၊ တောင်ကန်ကလေး၊ ဒလမဲ၊ သစ်ပုတ်၊ မြေနီကျော၊ သဖန်းကိုင်း မရိုးကျွန်း ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံ ၇၀၀၀ ဝန်းကျင်ခန့် စစ်ရှောင်နေကြရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
#ဒို့ပြည်
#ပဲခူးရိုးမ #ပြည်ခရိုင် #ပေါက်ခေါင်းမြို့နယ် #ဗကသ #စစ်ကောင်စီ #စစ်ရှောင် #လူထု #သတိပြုပါ #မျှဝေပါ #