“လိုင်စင်မဲ့တွေဖမ်းသတဲ့ သူတို့ကြည့်တော့ အုပ်ချုပ်ခွင့်လိုင်စင်မဲ့သူကြီးသားအဖွဲ့”

ဇွန် ၈၊ ၂၀၂၅။

ဇေယျတုတို့ ဗမာစကားမှာ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်းဆရာခေါင်းဆိုတာရှိမဟုတ်လား။

ကျုပ်တော့ တနိုင်ငံလုံးမှာရှိတဲ့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်၊ လူတန်းစားစုံ၊ အလွှာစုံကိုနေ့စဥ်နဲ့အမျှ ကိုယ်ရောစိတ်ပါဆင်းရဲကြောင်းတွေ ကြံစည်ပြောဆိုလုပ်ကိုင်နေတဲ့ မအလကြီးအကြောင်းတွေးမိတိုင်း ဦးသန်းရွှေကြီးကိုသာ ဒေါသထွက်နေမိတော့တာပဲ။ ဒင်း လူရွေးမှားလို့သာ အခုလိုဖြစ်ရလေတယ် ပေါ့လေ။

ဒါပေမယ့်စာတိုလေးတစ်ခုဖတ်မိမှပဲ ပြုံးတုံ့တုံ့ဖြစ်ရတော့တယ်ဗျို့။ တခါက တိုင်းပြည်တခုမှာ လူတိုင်းကအော့နှလုံးနာနေတဲ့ လူတယောက်ကို ဘုရင်က ရာထူးကြီးတခုပေးလိုက်သတဲ့။ ဒီတော့ မူးကြီးမတ်ရာသေနာငတိတွေက မကျေမနပ်နဲ့မေးခွန်းထုတ်ကြဆိုပဲ။ အဲဒီမှာ ဘုရင်က တိုင်းပြည်မှာ ငါ့အပြင်နောက်ထပ်ကျိန်ဆဲခံပေးမယ့် လူတယောက်တော့ ခန့်ထားဖို့လိုမယ်လို့ယူဆမိလို့ပါလို့ပြောသတဲ့လေ။

အခုလည်း ကသန်းရွှေက သူအနှစ်၂၀ကျော်စုတ်ပဲ့ခဲ့သမျှမေ့ပါစေတော့ဆိုပြီးများ၊ သူ့ထက်ပို ကောက်ကျစ်မိုက်ရိုင်းစုတ်ပဲ့ညစ်ထေးတဲ့ မအလ ကြီးကို ရွေးချယ်ခဲ့လေသလား စဥ်းစားစရာပဲလေနော့။

ဗမာ့စစ်အာဏာရှင်အဆက်ဆက်ဟာ အထက်ကပြောခဲ့တဲ့ ပုံပြင်လေးအတိုင်းမျိုးဆက်ပွါးလာလိုက်တာ တိုင်းပြည်လဲပြာပုံထဲကမထရတော့ဘူးဗျာတို့။

အခုလတ်တလော မအလ လုပ်လိုက်တဲ့အကွက်၊ လိုင်စင်မဲ့ယာဥ်ဖမ်းဆီးရေးဆိုတာကြီးက လက်လုပ်လက်စားအောက်ခြေလူတန်းစားကို တိုက်ရိုက်ထိခိုက်ပါသဗျာ။ အောက်ခြေလူတန်းစားတွေခမျာ ထင်းခွေရေခပ်ရွာနီးချုပ်ကလေးဖြစ်ဖြစ်၊ ငါးထိုးဖားရှာ၊ သာရေးနာရေးဖြစ်ဖြစ် သွားရလာရလွယ်ပါစေတော့ဆိုပြီး ချစ်ကုပ်ဝယ်ထားရတဲ့ လိုင်စင်ငုတ်ပျောက်ထိန်ထိန်တောက်နေတဲ့ဆိုင်ကယ်စုတ်ကလေးတွေ၊ အခု မအလ လုပ်ချလိုက်တာ ဘယ်သူ့အဝှါပြုရမှန်းမသိဖြစ်ကုန်ကြပါရောလား။ အဲဒီအစုတ်ကလေးတွေတောင် အောက်ထစ် ၃သိန်းကျော် ၄ သိန်းလေ။

အခု မအလသားများက ၃လအတွင်း အိမ်တိုင်ရွာရောက်ဖမ်းဦးမလို့တဲ့လေ။ အခုကျမှ အဲဒီဆိုင်ကယ်စုတ်တွေကိုဘယ်သူ့သွားရောင်းမလဲ။ အိမ်မှာပဲတစ်စီဖြုတ်ပြီး ကလေးတွေဂွေလှိမ့်ခိုင်းရတော့မလား။

ဆာဒေါ်ဖျားတွေလည်းမလွတ်ဘူးပါတာပဲတဲ့။ နာရေးအသင်းကားတွေလည်းပါပါသဗျာပဲလေ။ ဟုတ်ပါပြီ မအလတို့အုပ်စုကဖမ်းဆီးခံတွေကိုဘာလုပ်မှာလဲ။ ဘာမှမဟုတ်ပါပဲ မြို့ပြပြောက်ကြားရန်ကိုကြောက်လို့ဆိုရင်တော့ အနာတခြားဆေးတခြား။ ခါးတောင်းကျိုက်တလွဲဖင်တလွဲသာဖြစ်တော့မပေါ့ မအလ။

မအလ ကိုမေးရဦးမယ်။ လိုင်စင်မဲ့ယာဥ်တွေဖမ်းဟယ်စီးဟယ်လုပ်ရအောင်၊ မအလ ကရော ဒီနိုင်ငံကိုအုပ်ချုပ်တာ လိုင်စင်ရှိလို့လား။ မအလ ကိုအုပ်ချုပ်ပါလို့ ဘယ်မိကောင်းဖခင်သားသမီးတွေက ခန့်အပ်ခဲ့လို့လဲ။ ဘာလဲ ကာချုပ်ဖြစ်ရင်အာဏာလုပြီးအုပ်ချုပ်ရမှာ မအလတို့ လိုင်စင်လား။ စဥ်းစားလေ။ လိုင်စင်မဲ့ယာဥ်တွေဖမ်းပြီးရင်တော့၊ လိုင်စင်မဲ့ မအလရေ အသင့်ပြင်ထားပေတော့ပဲ။

နုကြည်ဝန်ကြီးတပါးက တနိုင်ငံလုံးထိုးစစ်စမယ်။ အားလုံးပြင်ဆင်ထားကြပါဘာညာပြောလိုက်တယ်ဆိုရင်ပဲ၊ မအလ ကလည်းအားကျမခံ သူ့ စခ ကြီးငယ်အပေါင်းကို ဆုံးရှုံးနယ်မြေပြန်ရအောင်တိုက်နိုင်ရင် အောက်ခြေပါမကျန်ရာထူးတိုးပေးမယ် လုပ်လာပြန်တယ်။ သူ့ စခ တွေက အဖြူရောင်သည်သာကိုးကွယ်ရာဖြစ်နေတာ နေ့စဥ်နဲ့အမျှ။

နိုင်ဂံဒေါ်ပြိုကွဲမယ့်အခြေအနေကို ဒို့လက်မခံနိုင်ပါဆိုပြီး ဘောမမီဒီချာတွေကလွှင့်ကောင်းတုန်း၊ မြေပြင်အခြေအနေမှာက တောဘုရားပွဲဖျာဦးသလိုဖြစ်နေပြီ။

မအလ ရေ အကော်ဒီယံအုန်းကျော်ကတော့လစ်သွားပြီနော။ စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါထပ်ရေးဖို့ မဖြစ်နိုင်တော့ဘူး။

အခုလတ်တလော သတင်းတခုထဲမှာဖတ်လိုက်ရတယ်။ lLO article33 အရ စကစနဲ့ဗမာနိုင်ငံကိုပြင်းပြင်းထန်ထန်အရေးယူဖို့ ဆုံးဖြတ်ချက်ကျသွားပတဲ့။ မဲခွဲဆုံးဖြတ်တာမှာ ကန့်ကွက်သူမရှိအတည်ပြုလိုက်တာတဲ့ လိုင်စင်မဲ့ မအလရေ။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/

@dohpyay


Telegram- t.me/dohpyay
#ဒို့ပြည်
#သရော်စာ #ဆောင်းပါး #လိုင်စင်မဲ့ယာဉ် #လူထု #သတိပြုပါ #ကာတွန်း

You may also like these