

ဇွန် ၁၃၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီထောင်အတွင်း ဝိုင်းဝန်းရိုက်နှက်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရသလို ဆေးဝါးနဲ့ကုသမှုမလုံလောက်လို့ သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်ကုဋေစိုး ကို သာယာဝတီအကျဥ်းထောင်၀န်ထမ်းတွေက ၀ိုင်း၀န်းရိုက်နှက်ခဲ့လို့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ဇွန် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
“အခုကတော့ ကိုကုဋေ ကျန်းမာရေးကောင်းပါတယ်။ ဟိုနေ့ကရိုက်ခံရတယ်ပေါ့နော် ။ ခုတော့ အလုပ်ကြမ်းဆင်းခိုင်းထားပြီးတော့ အလုပ်ခိုင်းနေတယ်လို့ကြားထားရတယ်။ အပြင်ပ်ိုင်းမှာဒဏ်ရာမကျန်တော့ပေမယ့် အတွင်းဒဏ်ရာရှိမရှိတော့မသိပါဘူး” လို့ လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ယာယီတာဝန်ခံကိုရဲမာန်ကျော် က ဒို့ပြည် ကို ပြောပါတယ်။
ဒါ့အပြင် ဦးကျော်စိုး(ခ)ဦးဇော်နှစ်ဟာလည်း သာယာဝတီအကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာတွေနဲ့ မေလ ၂၃ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ဇွန်လ ၁၂ ရက်နေ့ ကထုတ်ပြန်ပါတယ်။
ဦးကျော်စိုးဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က လှည်းကူးမြို့မရဲစခန်းမှာ ပုဒ်မ ၅၀(ဈ)နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသူဖြစ်သလို ကိုအောင်ကုဋေစိုးကတော့ ပုဒ်မ-၅၀၅(က)၊ ၁၂၄(က) တို့နဲ့ ထောင်ဒဏ်(၁၂) နှစ်ချမှတ်ခံခဲ့ထားရသူ ဖြစ်တယ်လို့ သိရပါတယ်။
“မတရားအမိန့်ချခံထားပြီး ရောက်နေတဲ့နိုင်ကျဉ်းတွေအပေါ် နေရာပေါင်းစုံကနေပြီး အဖက်ဖက်ကနေပြီး နှိပ်စက်နေကြတဲ့ အကျဉ်းဦးစီးဌာနကိုလည်း ကျွန်တော်တို့မေ့ထားလို့မရပါဘူး။ ရန်သူ့ဖိနှိပ်မှု ယန္တရားမှာ ဒီအကျဉ်းဦးစီးဌာနကလည်း တထောင့်တနေရာကနေပါဝင်နေပါတယ်။ ဒါကြောင့်ရန်သူကို ပြည်သူတွေအနေနဲ့မေ့လျော့မနေကြဖို့အကြံပြုချင်ပါတယ်” လို့ လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ယာယီတာဝန်ခံကိုရဲမာန်ကျော် က ပြောပါတယ်။
၂၀၂၅ ဇန်နဝါရီလမှ ဇွန်လ(၁)ရက်နေ့အထိ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့သေဆုံးခဲ့ရသူ ၁၀ ဦး အထိ ရှိတယ်လို့ PPNM ရဲ့ စောင့်ကြည့်လေ့လာ စီစစ်မှုများအရသိရှိရပါတယ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#နိုင်ငံရေးအကျဉ်းသား #PPNM #သာယာဝတီအကျဉ်းထောင် #ဗကသ #သတိပြုပါ