

ဇွန် ၁၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ လူငယ်တွေ ထပ်မံဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲခန့်က ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ အနောက်ပေါက် ကျွန်းတော ၅ လမ်းမှာ လူငယ် ၃ ဦးလမ်းလျှောက်သွားနေကြချိန် Honda Fit အနက်ရောင်ကားပေါ်က ယူနီဖောင်းဝတ်စစ်သားတွေဆင်းကာ လိုက်လံဖမ်းဆီးရာ ၂ ဦးဖမ်းဆီးမိပြီး ၁ ဦးကတော့လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
“ယူနီဖောင်းဝတ်စစ်သားတွေဆင်းလာတယ်။ ကောင်လေး ၃ ယောက်ကို မပြေးနဲ့အော်ပြီးလိုက်ဖမ်းတယ်။ ကောင်လေး ၃ ယောက်က ထွက်ပြေးတယ်။ကောင်လေး ၂ ယောက်က အနီးအနားက အိမ်ထဲကိုဝင်ပြေးတယ်။ ၁ ယောက်က လမ်းမအတိုင်းပြေးတယ်။ အိမ်ထဲဝင်ပြေးတဲ့ကောင်လေး ၂ ယောက်ကို အိမ်ထဲအထိဝင်ပြီး ထိုးကြိတ်ဖမ်းသွားတယ်။ မြေပေါ်ဒရွတ်ဆွဲပြီးကိုခေါ်သွားတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို ဒို့ပြည်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ မြကန်သာ(ကန်ဘောင်) မှာပြုလုပ်တဲ့ နတ်ပွဲကပြန်လာသူတွေကို ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ မြို့ခံနောက်တဦးကလည်း ပြောပါတယ်။
“ည ၇ နာရီဆို အပြင်ထွက်ရတာ အဆင်မပြေတော့ဘူး။ အိမ်ထဲအထိဝင်ဆွဲတာခံရတာ။ ကားက တစ်စီးတည်းတော့ မဟုတ်လောက်ဘူး အဖြူလည်းတွေ့ အနက်လည်းတွေ့ရတယ်လို့ပြောကြတယ်။ မအေ-ိုးတွေက တွေ့တာနဲ့ တန်းထိုးကြိတ်၊ ကန်ကြောက် လုပ်တာ။တရားခံဖမ်းသလိုလုပ်တာ။ဘာမှ စစ်လားဆေးလား လုပ်မနေဘူး။” လို့ မြို့ခံတဦးကလည်း ပြောပါတယ်။
ပြည်မြို့မှာ ရပ်ကွက်အကြိုအကြားထိ လိုင်စင််မဲ့ယာဉ်တွေကိုဖမ်းဆီးတာတွေ ပြုလုပ်နေသလို ညအချိန်လူငယ်တွေကို အကြောင်းမဲ့ပေါ်တာဆွဲဖမ်းတာ၊ စစ်ဆေးရေးဂိတ်တွေမှာ မေးမြန်းပြီး ရိုက်နှက်တာတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပုံစာ-ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ မူယာပင်ပန်းခြံရှေ့မှာ စစ်ဆေးနေစဉ်(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ပြည် #စစ်မှုထမ်း #လူငယ် #သတိပြုပါ #မျှဝေပါ