

ဇွန် ၂၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ် တိုက်ပွဲမှာ အင်အားမမျှတဲ့အတွက် ပိတ်မိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ တောင်ပြတ်ရွာအနီး ယမန်နေ့ ဇွန်လ ၂၀ ရက် နံနက် ၃ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီအင်အား (၄၀၀) နီးပါးရဲ့ ပိတ်ဆို တိုက်ခိုက်မှုကို ခံလိုက်ရတာလို့ သိရပါတယ်။
“အင်အားမမျှဖြစ်သွားတာပါ။ ကျနော်တို့ (၂) ယောက်ကိုတော့ ပြန်ရတယ်လို့ ပြောပါတယ်။ ၅ ယောက်ကတော့ ဝိုင်းလိုက်ကြပေမဲ့မရတော့ဘူး” လို့ သာယာဝတီခရိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦး က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်းနဲ့အတူ ၃၈၀၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ ဦးကတော့ အရှင်ဖမ်းမိကာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက တောင်ပြတ်ရွာကိုလည်း မီးရှို့ခဲ့ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ရှောင်တိမ်းနေရတာတွေရှိနေတယ်လို့ သိရပါတယ်။
ဒီသေဆုံးမှုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာတာမရှိသေးပေမဲ့ စစ်တပ်ချန်နယ်တွေကတော့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကတည်းက သိမ်းဆည်းရမိတဲ့လက်နက်တွေနဲ့အတူ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို ဖော်ပြခဲ့ပါတယ်။
အဲဒီလိုဖြန့်ဝေခဲ့တဲ့ ဓါတ်ပုံတွေထဲမှာ သာယာဝတီခရိုင်တပ်ရင်း(-) ရင်ဘတ်တံဆိပ်ကပ်ထားတဲ့ စစ်အသုံးအဆောင်အဝတ်အစားတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ပုံစာ-စစ်ကောင်စီချန်နယ်တွေက ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓါတ်ပုံ။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#သာယာဝတီ #မင်းလှမြို့နယ် #ပဲခူးရိုးမ #တပ်ရင်း၃၈၀၂