ကိုဆံရှည် ၊ အလောင်းသယ်တဲ့ ကယ်ရီသမား

ဇွန် ၂၄၊ ၂၀၂၅။

 

သူ့ကို ကိုဆံရှည် ဒါမှမဟုတ် ဆံရှည်လို့ပဲ လူတိုင်းခေါ်ကြတယ်။ နံမည်အရင်းထက် ဆံရှည်လို့သာ ခေါ်ကြသူကများပါတယ်။ ဆံရှည်ဆိုတဲ့အတိုင်းပဲ ရှည်လျားရှုပ်ပွနေတဲ့ဆံပင် သူ့မှာရှိတာပါ။

 

သူ့ကိုတွေ့နိုင်တာက နယ်မြို့ကလေးရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကားဂိတ်နဲ့ ဈေးတို့တည်ရှိရာ နေရာမှာဖြစ်ပါတယ်။ ကားဂိတ်နဲ့ဈေးဆိုတာကလည်း ကားလမ်းတဖက်တချက်စီမှာ ဆိုတော့ လူအရမ်းစည်ကားတဲ့နေရာဖြစ်သလို မီးရထားဘူတာကလည်း ဈေးနဲ့ကပ်လျက်ပဲ ဖြစ်ပါတယ်။ အဲ့နေရာက သူကျက်စားရာနေရာပဲဖြစ်ပါတယ်။ အဝေး ခရီးသည်တွေ၊ အနီးအနားသွားတဲ့ခရီးသည်တွေက မိမိတို့နေရာ ပြန်ကြဖို့ရာ ဆိုင်ကယ်ကယ်ရီတွေ၊ ဆိုက်ကားတွေ ဘေးတွဲတွေ ဂိတ်ချရာ နေရာမှာ သူရှိနေတာပဲဖြစ်ပါတယ်။

 

သူက ဆိုင်ကယ်အစုတ်ကလေးနဲ့ ကယ်ရီအဌားလိုက်သလို၊ ကယ်ရီအဌားပါးတဲ့အချိန်တွေမှာ ဈေးထဲမှာ ဈေးသည်တွေရဲ့ အထုပ်အပိုးတွေကို ကားပေါ်ကနေ ဈေးထဲအထိ ပို့ပေးတဲ့ ကုန်ထမ်းအလုပ်ပါ လုပ်ပါတယ်။ အခြားဘောက်အလုပ်များလည်း လုပ်တာကိုလည်း တွေ့ရလေ့ရှိပါတယ်။ နယ်မြို့လေးသာ ဖြစ်တာမို့ ဆံရှည်ထားတဲ့ သူကအဲ့နေရာမှာ ထင်းထင်းကြီးဖြစ်နေပါတယ်။ ဒါကြောင့်သူ့ကို မြို့ပေါ်မှာ မသိသူမရှိသလောက်ရှားပါတယ်။

 

ကျပမ်းအလုပ်သမားတယောက်ဖြစ်တာမို့ တခါတလေ ကျောင်းဖွင့်ရာသီ အလယ်လောက်မှာဆိုရင်တော့ သူက မြို့နားဝန်းကျင် ရွာတွေကစာသင်ကျောင်းတွေအထိ  ဆိုင်ကယ်စုတ်လေးနဲ့ ရေခဲချောင်းလိုက်ရောင်းပါတယ်။ သူ့ကိုသိတဲ့ ကျနော်ယောက်ဖပြောတာတော့ တခါတလေ သူရောင်းတဲ့ ရေခဲချောင်းကို ဝယ်မစားနိုင်တဲ့ ကျောင်းသားလေးတွေကို အလကားပေးတာကိုလည်း တွေ့ရပါတယ်။ နောက်ထပ်တခုက မြို့ပေါ်မှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း သူဝင်ကူညီလုပ်ကိုင်တတ်တာကိုလည်း တွေ့မြင်ရပါတယ်။ ဒါတွေက ၂၀၂၁ခုနှစ် ပြည်သူတွေအပ်နှင်းထားတဲ့ အာဏာကို ဖက်ဆစ်စစ်တပ်က မတရားသဖြင့် မသိမ်းမီက သူ့ရဲ့ နေထိုင်မှုပုံစံဖြစ်ပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီလ တစ်ရက်နေ့ ဖက်ဆစ်ကောင်တွေအာဏာသိမ်းမှုက ပွင့်လန်းစ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေဟာ တိမ်သားတွေကင်းစင်နေတဲ့ နွေရာသီကို တိမ်ညို တိမ်မဲတွေ ဖုံးလွှမ်းမှုကို ခံရပါတော့တယ်။ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လူမျိုးစုံပြည်သူတွေရဲ့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ပွဲတွေက ပြည်လုံးအနှံ့မှာ ပေါ်ထွက်လာခဲ့သလို့ ပြည်သူသိန်းကျော်ပါဝင်တဲ့ ဆန္ဒပြမှုတွေက နေ့စဉ်နီးပါး ထွက်ပေါ်လာခဲ့တာပါ။ နောက်ဆုံးမှာ ဖက်ဆစ်စစ်တပ်ရဲ့ ရှေးအဆက်ဆက်က ဗီဇအတိုင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြတဲ့ အပစ်မဲ့ ပြည်သူလူထုကို ရက်စက်စွာနဲ့ စစ်မြေပြင်မှာ ရန်သူကို သုတ်သတ်သလို ချေမှူန်းရေးလက်နက်တွေနဲ့ အကြမ်းဖက် ပစ်ခတ်ပါတော့တယ်။ တိုင်းပြည်အဝှမ်းမှာ လူမဆန်တဲ့ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေက မကြားချင်၊ မမြင်ချင်တဆုံးဖြစ်လာခဲ့ပါတယ်။

 

ကျနော်တို့မြို့လေးက ပြည်သူတွေကလည်း အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျနော်တို့မြို့လေးရဲ့ မြို့ပေါ်တွေမှသာမက ကျေးလက်တွေကပါ ဆိုင်ကယ်တွေ၊ ယာဉ်ငယ်တွေအပါအဝင် ကြံတင်တဲ့ ကားကြီးတွေနဲ့ပါ မြို့ပေါ်တက်ကာ အာဏာရှင်ဆန့်ကျင်ပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတာကလည်း နေ့စဉ်ရက်ဆက်ဆိုသလိုပဲဖြစ်ပါတယ်။ မှတ်မှတ်ရရ ၂ငါးလုံး လူထုလှုပ်ရှားမှုကြီးပြီးနောက် မြို့ကဆန္ဒပြမှုတွေက အဖမ်းအဆီးများလာတာကြောင့် ရုတ်တရက် ရပ်တန့်သွားပါတော့တယ်။ ဦးဆောင်သူအများစုလည်း ဖမ်းဆီးခံရသူနဲ့ ထွက်ပြေးတိမ်းရှောင်ရသူတွေ များလာပါတော့တယ်။ အဲ့နောက်မှာတော့ ကျနော်တို့မြို့လေးဟာ ခုခံတော်လှန်စစ်ကို ဆင်နွဲဖို့ စတင်ပြင်ဆင်လာခဲ့ပါတော့။

 

ပြည်သူလူထုရဲ့  ဖက်စစ်တပ်ကို ခုခံတော်လှန်စစ်ဟာ တိုင်းပြည်အနှံ့မှာ တစတစနဲ့ အင်အားကြီးထွားလာခဲ့သလို၊ အခြားတဖက်မှာလည်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေး စတင်ပေါက်ဖွားရာနှစ်မှာတော့ လူမျိုးစုံပြည်သူတွေရဲ့ ခုခံစစ်ဟာ သိပ်မကျယ်ပြန့်သေးပေမယ့် အရှိန်အဟုန်နဲ့ ပျံသန်းနိုင်ဖို့ ပြင်ဆင်မှုတွေကတော့ ရှိနေခဲ့ပါတယ်။

 

ကျနော်တို့နယ်မြို့လေးဟာ အရှေ့နဲ့အနောက်မှာ ရိုးမတောင်တန်းတွေတည်ရှိနေပါတယ်။ မြစ်ဝှမ်းတခုကလည်း မြို့ရဲ့အရှေ့ဘက်မှာ တည်ရှိနေတော့ မြစ်အရှေ့ကိုသွားဖို့ မိုးရာသီဆို ကူးတို့လှေ၊ နွေရာသီမှာ ယာယီမြစ်ကူး သစ်သားတံတားတွေကနေ ဖြတ်သန်းသွားရပါတယ်။ မြစ်အရှေ့ဘက်ကမ်းဒေသဟာ အရင်ခေတ်တွေကတည်းက အညိုရောင်နယ်မြေလို ဖြစ်ခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြီးရှိသလို၊ အေးချမ်းရေးအဖွဲ့တွေလိုခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ရှိနေပြန်ပါတယ်။ ကျနော်တို့နယ်မြို့လေးဟာ သေးငယ်သလောက် စစ်တပ်ရဲ့တပ်တွေကလည်း အလွန်ပေါလှပါတယ်၊ အဲ့လိုအခြေအနေကို ကျနော်တို့ကြားမှာ နောက်ပြောင်ပြောဆိုတာက “မြို့ကသာ ဆပ်ပြာခွက်လောက်ရှိတာ၊ စစ်တပ်က သုံးတပ်တောင်ရှိတယ်ဟ” လို့ ပြောခဲ့ကြတာပါ။

 

ဖက်ဆစ်ကောင်တွေရဲ့ အာဏာသိမ်းဒုတိယနှစ်မှာတော့ လူမျိုးစုံပြည်သူတွေရဲ့ ခုံခံတော်လှန်စစ်ဟာ အရှိန်အဟုန်နဲ့ အားကောင်းလှပါတယ်။ ကျနော်တို့မြို့ငယ်လေးမှာလည်း ဖက်ဆစ်တပ်ကို တော်လှန်တဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ရဲ့ တိုက်ပွဲတွေလည်း ခပ်စိပ်စိပ်ဖြစ်လာပါတော့တယ်။ ဖြစ်တဲ့နေရာအများစုကလည်း မြစ်အရှေ့ဘက်လို့ ဒေသခံတွေခေါ်ဝေါ်တဲ့ မြစ်အရှေ့ဘက်တွေမှာ  ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ လက်နက်ခဲယမ်း မပြည့်စုံပေမယ့်၊ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်မိစ္ဆာတွေကို နိုင်သလောက်တိုက်ထုတ်ခဲ့ကြပါတယ်။

 

အချိန်ကာလကြာလာတာနဲ့အမျှ “စစ်ခွေးသင်္ချိုင်း၊ အရှေ့ဘက်ခြမ်း”လို့တောင် စာချိုးတခုပေါ်လာခဲ့ပါတယ်။ ဖက်ဆစ်တပ်ရဲ့ နောက်လိုက်တွေဟာ မြစ်အရှေ့ဘက်တိုက်ပွဲတွေမှာ မရှုမလှ သေပွဲဝင်နေကြရပါတယ်။ စစ်ကြောင်းတကြောင်းမှာ ဆယ်ယောက်လောက်သာ ကျန်တော့သည်အထိ တိုက်ခိုက်ခဲ့ရတာတွေ များလာတော့ မြစ်အရှေ့ဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းဖို့ တွန့်ဆုတ်နေတဲ့ စစ်ခွေးတွေကိုလည်း မြင်ရကြားရဖန်များတော့ ရိုးနေပါတယ်။ တီကောင်ဆားပက်သလို မြစ်အရှေ့ဘက်ကို သွားလို့ အထက်ကအမိန့်ပေးပေမယ့်၊

“အလကားသောက်ဆရာကြီးတွေပါကွာ သူတို့ကျတော့ အဲလ်ကွန်းခန်းမှာ ဘီယာသောက်ပြီး ငါတို့ကို အမိန့်ပေးနေတာဟ။ တလောက စစ်ကြောင်းတကြောင်းလုံးတောင် ဆယ်ယောက်လောက်ကျန်တာ၊ အခုငါတို့ ငါးဆယ်လောက်နဲ့ မြစ်အရှေ့ဘက်ကို တက်သွားရင် အကုန်သေမှာပေါ့” ဆိုတဲ့ စကားတွေကို စခန်းချတဲ့အိမ်က ရွာသားတွေဆီကနေ ကြားနေရပါတော့တယ်။

 

မြစ်အရှေ့ဘက်တိုက်ပွဲတွေအကြောင်းပြောပြန်ရင် ကျနော်တို့ဇာတ်လိုက်ကျော်ကြီး ကိုဆံရှည်က ပြန်ပါလာပါတော့တယ်။ ပါဝင်ရတာကလည်း သူမောင်းတဲ့ ဘေးတွဲလို့ခေါ်တဲ့ ဆိုင်ကယ်နဲ့ လူသေတွေကို သယ်ပေးရတာပဲဖြစ်ပါတယ်။ လူသေတွေဆိုတာကလည်း သာမန်ရွာသူရွာသားတွေရဲ့ ရုပ်အလောင်းတွေကို သယ်ပေးရတာမဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးမှာ လူထုတွေအသုံးများလာတဲ့ စကားလုံးဖြစ်တဲ့ ဒလန်ဆိုသူတွေရဲ့ အလောင်းတွေကို သယ်ပေးရာကနေ ကိုဆံရှည်က သူ့ရဲ့ဝင်ငွေရရာအလုပ်တခုကို မြို့နဲ့အလှမ်းကွာတဲ့ မြစ်အရှေ့ဘက်ခြမ်းမှာ လာရောက်ပြီး လုပ်ကိုင်တာလို့တောင်ပြောရမလိုပါပဲ။ သူရဲ့ဒလန်အလောင်းကို သယ်ပေးခအနေနဲ့ ရတာကလည်း မက်လောက်စရာပါပဲ။ တလောင်းကို ငါးသောင်းကနေ တစ်သိန်းထိဖြစ်ပါတယ်။

 

ပထမဒလန်အလောင်းတလောင်းစ နှစ်လောင်းစ သယ်ရာကနေ သူ့ရဲ့ ဝန်ဆောင်မှုကြောင့်ရော အသေအပျောက်တွေများလာတဲ့ စစ်ခွေးတပ်က အလောင်းတွေကိုပါ သယ်ပေးလာရတာ များလာတာကို တွေ့ရပါတယ်။ ကျနော်မြင်တွေရခဲ့တဲ့ အချိန်ကဆို စစ်ခွေးသုံးကောင်အလောင်းကို သူ့ဆိုက်တွဲနဲ့ မဆန့်အောင်သယ်လာတာပဲဖြစ်ပါတယ်။ အလောင်းကို မိုးကာအပိုင်းနဲ့အုပ်ပြီး စစ်ဖိနပ်က ဆိုက်တွဲအပြင်ရောက်နေတဲ့ ခြေထောက်တွေကို ရွာလမ်းမပေါ်ကနေ မောင်းသွားတဲ့ သူ့ဆိုက်တွဲကို လှမ်းမြင်ခဲ့ရတာပါ။ ဒါအလုပ်က ကိုဆံရှည်အတွက် တွက်ခြေကိုက်တဲ့ အလုပ်ဖြစ်နေခဲ့ပါတယ်။ ကျနော်တို့ ရွာကနေ မြစ်အရှေ့ဘက်ကို ဖြတ်သန်းဖို့ ကူးတို့တံတားရှိသလို အခြားရွာတွေမှာလည်း ကူးတို့တံတားတွေအများကြီးရှိပါသေးတယ်။

 

အခြားနေရာတွေကနေလည်း ဒလန်နဲ့ ခွေးအလောင်းတွေကို ကိုဆံရှည်သယ်ပေးရတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ဒါကြောင့် အလောင်းသယ်အလုပ်က သူ့အတွက် အဆင်ပြေနေသလားထင်မှတ်ရပါတယ်။ ဒါပေမယ့်အဲ့လိုထင်မြင်ချက်က အပေါ်ယံသာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဆံရှည် သယ်ပေးရတဲ့အလောင်းတွေက ဒလန်တွေ၊ စစ်ခွေးတွေရဲ့ အလောင်းတွေဖြစ်နေတာမို့ပါ။ ပြည်သူတွေရဲ့ အာဏာသိမ်း ဖက်ဆစ်တပ်ကို မုန်းတီးမှုတွေက မြန်မာ့သမိုင်းမှာ မရှိဘူးခဲ့တဲ့ အခြေအနေဖြစ်နေလို့ပဲဖြစ်ပါတယ်။

 

ကိုဆံရှည်က သူရဲ့ အလုပ်တခုအနေနဲ့ အဆိုပါအလောင်းတွေကို သယ်ပေးတာမှန်သော်လည်း ဖက်ဆစ်စစ်တပ်ကို အမြစ်ကနေ ဖြတ်ချင်နေတဲ့ ပြည်သူတွေအတွက် သူ့ကိုလည်း အလောင်းသယ်ပေးတာနဲ့ ပတ်သတ်ပြီး ဖက်ဆစ်ခွေးတွေအပေါ် မုန်းတီးတဲ့ အမုန်းကလည်း သူ့အပေါ် ကျရောက်မှုရှိနေတာ အမှန်ပဲဖြစ်ပါတယ်။ ပြောရရင် ငွေကိုများများရ‌တာ မှန်ပေမယ့် ဒလန်အလောင်းတွေ၊ စစ်ခွေးအလောင်းတွေကို ကိုဆံရှည်လို သယ်ပေးရဲသူကလည်း ရှိမနေတာအမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုဆံရှည်ဟာ သူ့အလုပ်မှာ ပြိုင်ဘက်မရှိ ဖြစ်နေတာလို့ မြင်မိပါတယ်။ ရတဲ့အခကြေးငွေဆိုတာထက် စစ်မိစ္ဆာတွေပေါ် မုန်းတီးစိတ်ကြောင့် သယ်ပေးတဲ့သူ မရှိသလောက်ဖြစ်နေတာလည်း နောက်ထပ် အခြေအနေတခုဖြစ်ပါတယ်။

 

ကိုဆံရှည်ကယ်ရီနဲ့ သယ်ပေးရတဲ့ အလောင်းတွေရဲ့ တည်နေရာတွေကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ အားသာတဲ့နေရာတွေဖြစ်တော့ အလောင်းသယ်ရတာကလည်း အသက်စွန့်သယ်ရတာပဲဖြစ်ပါတယ်။ စစ်ခွေးအလောင်းကို လာကောက်ပေးရင်း လာကောက်တဲ့သူပါ အလောင်းဖြစ်သွားနိုင်တဲ့ အခြေအနေကလည်း အလောင်းတွေသယ်တိုင်း ဖြစ်နေတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့မြို့ကနေ ထွက်ခွာလာတဲ့အချန်အထိတော့ ကိုဆံရှည်က အလောင်းသယ်ကယ်ရီလုပ်ငန်းကို အထိအခိုက်မရှိ လုပ်နေတာကို တွေ့နေ၊ ကြားနေရပါတယ်။

 

ကိုဆံရှည်ရဲ့ ကာလပေါ်အလောင်းသယ်အလုပ်ဟာ သူ့အတွက် မြိုးကနဲ မြက်ကနဲ့ ငွေရပေါက် ဖြစ်ပေမယ့်၊ ပြည်သူ့နွေဦးတော်လှန်ရေးကို ထောက်ခံကြသူတွေအတွက်တော့ ဒလန်လို စစ်ခွေးနောက်လိုက်လို သတ်မှတ်မှုတွေကလည်း ရှိနေပြန်ပါတယ်။ ပွင့်လင်းစွာဝန်ခံရရင် ကျနော်ကိုယ်တိုင်လည်းပဲ မရင်းနှီးပေမယ့် သူကို စစ်ခွေးနဲ့ ဒလန်အလောင်းကောက်ပေးနေသူအဖြစ် အမြင်မကြည်ပါဘူး။ သူ့ကိုလည်း စစ်ခွေးနောက်လိုက်လို့ သတ်မှတ်ထားခဲ့တာပါ။

 

လူမျိုးစုံပြည်သူတွေဟာ ဖက်ဆစ်တပ်အပေါ်  ရွံ့ရှာမုန်းတီးသလို၊ ဖက်ဆစ်သန္ဓေပါတဲ့ စစ်တပ်ကို ထောက်ခံအားပေးနေသူတွေကိုလည်း မုန်းတီးနေတာ အမှန်တရားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုဆံရှည်ရဲ့ ဝင်ငွေဖြောင့်တဲ့ လုပ်ငန်းဟာလည်း လူထုမကြည်ဖြူနိုင်တဲ့ လုပ်ငန်းဖြစ်နေပါတော့တယ်။ သူ့ရဲ့ အလောင်းသယ်ကယ်ရီလုပ်ငန်းဟာ ခေတ်ဆိုးကြီးထဲက ပေါ်ထွက်လာတဲ့ တနိုင်တပိုင်လုပ်ငန်းတခုဆိုတာတော့ အမှန်ပဲဖြစ်ပါတယ်။  လက်ရှိအချိန်ထိ ကိုဆံရှည်ရဲ့ အလောင်းသယ်ကယ်ရီလုပ်ငန်းက ဝင်ငွေဖြောင့်နေဆဲဆိုတာကိုလည်း အဝေးကနေ ကြားသိနေရပါတော့တယ်။

 

ရေးသားသူ-လင်းနီသစ်

#ဒို့ပြည်

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။

YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)

Website- https://dohpyay.com/

Telegram- t.me/dohpyay

Tiktok- https://www.tiktok.com/@dohpyay

 

#လူမှုဘဝ #ရသစာတမ်း #နွေဦးတော်လှန်းရေး

You may also like these