ပြည်မြို့မှာ အရေးပေါ်ကယ်ဆယ်ရေးသုံး ဆေးဝယ်ယူခွင့် ဆရာဝန်နဲ့ ရပ်ကွက်ထောက်ခံစာယူရမယ်

တော်လှန်ရေးနယ်မြေတွေထဲ ဆေးဝါးထောက်ပို့မှု ကန့်သတ်ချင်တာလို့ဆို

ဇွန် ၂၄၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲက ဆေးအရောင်းဆိုင်တွေကို ဆေးရောင်းချရာမှာ ထောက်ခံစာမပါရင် မရောင်းချဖို့ ဆေးအမျိုးအစား (၅၀) ခန့် ကန့်သတ်လိုက်တယ်လို့ ဒို့ပြည် ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကန့်သတ်ထားချက်များကို မရောင်းချဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဆေးဆိုင်ပိုင်ရှင်တွေကို လက်မှတ်ထိုးခိုင်းခဲ့တာလို့ ဆိုပါတယ်။

အရက်ပျံ၊ ဂွမ်း၊ ပတ်တီး၊ အနာထည့်ဆေးအမျိုးမျိုးနဲ့ အခြား ဆေးအမျိုးအစားပေါင်း (၅၀) ခန့်ကို ဆရာဝန်လက်မှတ်၊ ရပ်ကွက်ထောက်ခံစာမပါဘဲ မရောင်းချဖို့ကို ကန့်သတ်ခဲ့တာလို့ သိရပါတယ်။

“အခုကန့်သတ်ချက်ကတော့ ကျနော်တို့နားမလည်ပါဘူး။ ဟုတ်မဟုတ်ကတော့ သွားဝယ်ကြည့်ရမှာပဲ။ တကယ်လို့ကန့်သတ်တာဆိုရင်တော့ ရူးကြောင်ကြောင်လုပ်ရပ်ပါပဲ။ နောက်တခုက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက တော်လှန်ရေးအဖွဲ့တွေကို ဆေးဝါးထောက်ပို့တာတွေကို ကန့်သတ်ချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။” လို့ မြို့ခံအမျိုးသားတဦးက ဒို့ပြည်ကိုပြောပါတယ်

ပြည်မြို့နယ်ဟာ ဆေးနဲ့ဆေးရုံသုံးပစ္စည်းလက်ကားဆိုင်ကြီးတွေ၊ ဆေးကုမ္ပဏီခွဲတွေနဲ့ ဆေးရုံဆေးခန်းများစွာ ရှိပြီး မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းတို့ကနေ ဆေးဝယ်ယူတာ၊ ဆေးကုသတာတွေကို အဓိကအားထားနေရာ မြို့တမြို့လည်း ဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ ပဲခူးရိုးမကို အခြေပြုပြီး သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နဲ့ ပြည်ခရိုင်၊ ပေါက်ခေါင်း၊ ပေါင်းတည် မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်သေဆုံးမှုရှိနေသလို ဒေသခံတွေသေဆုံးဒဏ်ရာရမှုတွေလည်း ရှိကာ စစ်ရှောင်တွေလည်း တိုးလာနေတဲ့အတွက် ဆေးဝါးလိုအပ်ချက် မြင့်တက်နေပါတယ်။

ပုံစာ-ပြည်မြို့ရှိဆေးဆိုင်တဆိုင်ကို ဝင်ရောက်စစ်ဆေးနေကြစဉ်(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ပြည်မြို့နယ် #ဆေးဝါး #အရေးပေါ်ကယ်ဆယ်ရေး #ဆေးရုံ #လူထု #သတိပြုပါ

You may also like these