“နိဗ္ဗိန္ဒ၊ ဝါဆိုပန်းခူးနဲ့ တောလက်ဖက်ထွက်ရာ စခန်းရိပ်သာ”

(#ရသစာတမ်း)

ဇွန် ၂၆၊ ၂၀၂၅။

အရင်ဆုံးတော့ ပြည်မြို့ရဲ့ ပထဝီအနေအထားကို ပြောပြရမည်ထင်သည်။ တချို့လည်း သိပြီးဖြစ်မည်။ ဧရာဝတီမြစ်ကမ်းနဖူးမှာရှိသည့် ပြည်မြို့သည် ပတ်ပတ်လည်တွင် တောင်ကုန်း၊ တောင်တန်း၊ တောအုပ်၊ ခင်တန်းများ ပတ်လည်ဝိုင်းလျှက် မြေလတ်ရဲ့ အဆုံးစွန် မြို့ဖြစ်ပြီး စိမ်းစိုအုပ်ဆိုင်းနေသည်။ နှစ်ရှည်ပင်ကြီးများနှင့် အေးအေးချမ်းချမ်းရှိပုံက ပြည်မှာဆောင်း ဟု နာမည်ကြီးသည်။

မြို့ကိုအပေါ်စီးက ကြည့်ပါက ကုက္ကိုလ်ပင်၊ မန်ကျည်းပင်၊ သရက်ပင်၊ ပိန္နဲပင်၊ များနှင့် အုပ်ဆိုင်းနေသည်။ တောင်တန်း၊ တောင်ကုန်းတွေ ပေါလွန်းသည်ထင် စစ်ကိုင်းတောင်လို တောင်တန်းတောရ ကျောင်းတွေပေါသည်။ မြို့မစည်ကားမထွန်းကားခင်ကာ ပြည်မြို့ရဲ့ ပတ်ပတ်လည်မှာ တပါးကျောင်းများနှင့် တောရဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း ရိပ်သာစခန်းတွေ ရာချီရှိသည်။

မြင်ဗာဟုတောင်တန်း၊ ပါဒကြီး၊ ပါဒလေး တောင်ကြော နှင့်နိဗ္ဗိန္ဒတောင်ကြောတို့သည် တဆက်စပ်တည်း ရှိနေကြပြီး ပြည်မြို့၏ အရှေ့နဲ့ အရှေ့တာင်ဘက်တို့ကိုဝန်းရံပတ်ထားသလိုပင်။ ထိုတောင်တန်းတောင်ကုန်းများသည့် မြေနီဂဝံများပြီး အင်ကြင်းတောများပေါသည်။ နှစ်ရာထောင်ချီက သက်ရှိရုပ်ကြွင်း အင်ကြင်းကျောက်တွေ ပါလွန်းလှသည်။ မိုးရာသီ မိုးသည်းထန်စွာရွာပြီး တောင်ကျရေပြင်းပြင်းစီးပါက အင်ကြင်းကျောက်များ မြေကြီးထဲက ပေါ်ပေါ်လာတတ်သည်။

ဧရာဝတီမြစ်ဘက်ခြမ်းကိုကြည့်မည်ဆိုလျှင်တော့ ရွှေဆံတော်ဘုရားတည်ထားရာ သုဒဿနတောင်၊ စကားတောင်၊ မင်းကြီးတောင်၊ ဝန်ချတောင်၊ ဗေဒါရီဂူနှင့် အလောင်းတော်ကဿပ တောင်တန်းတို့က မြစ်ကို ဝပ်ဆင်းခယသွားကြသည်။ ထိုမှသည် ရန်ကုန်မြို့သို့သွားရာ အဝေးပြးကားလမ်းတို့ ရှိနေသည်။

ထိုတောင်ကြောများပေါ်တွင် နှစ်ရှည်ပင်များနှင့် သစ်တောထွက်ပင်များ ရှိပြီး တောရကျောင်းများစွာသို့ သွားရာ တောရိပ်သာယာ မြေနီလမ်းကလေးများကို တွေ့ရမည်။ တချိန်ကတော့ တကယ်လည်း သာယာခဲ့သည်။ မြို့ကလေးမဖွံ့ဖြိုးခင်ကရှိခဲ့သည့် အရာများဟုသာ မှတ်ထားစေလိုသည်။

လူတိုင်းမှာ ဒေသစွဲမြို့စွဲ ရှိကြသည်။ မန္တလေးသားများက ငါတို့မန္တလေးဆိုပြီး ကြွေးကြော်ကာ စွဲလန်းတသ ကြသလို ကျနော်ကလည်း ငါတို့ပြည်မြို့ဆိုပြီး တသသရှိနေတတ်သည်။ ပြည်မြို့သည် သမိုင်းအစဉ်လာရှိခဲ့သည်။ ဖြစ်ထွန်းခဲ့သည်။ တည်တံ့ခဲ့သည်။ ကျနော်တို့ မျက်စိအောက်မှာပင် ကျရှုံးခဲ့သည်။ ကဗျာဆရာတဦးပြောခဲ့သလို ပြည်မြို့သည်ဝါးအစည်းပြေသလို ပြေကျခဲ့ပါသည်။ ထားတော့ ကျနော် ပြောလိုသည်မှာ ထိုအကြောင်းများမဟုတ်။

ကျနော်ပြောပြလိုသည်မှာ ကျနော်တို့၏ငယ်ဘဝ။ ၁၉၉၅ နှင့် ၂၀၀၀ ဝန်းကျင်ကာလများ။ အတိတ်ကရွှင်လန်းခဲ့မှု။ အတိတ်ကရိုးရှင်းခဲ့မှုများသာ။ တချိန်က လှပခဲ့မှု၊ သာယာခဲ့သောမြို့လေးတမြို့အကြောင်းရယ်သာပါ။ ဟင်းကောင်းစားရချိန် မိတ်ဆွေများကို သတိရသလိုပါပဲ။ ပျော်ရွှင်ခဲ့ရသည့်အချိန်များကိုသာ မိတ်ဆွေများအားပြောပြလိုသည်။ ပူဆွေးသောကများကို မမျှဝေလို။

စကားစကိုပြန်ဆက်ပါအုံးမည်။ နိဗ္ဗိန္ဒတောင်(အထက်)မှာ လွန်ခဲ့သော နှစ်များစွာက မြေနီတောင်ကုန်းများနှင့် တောအုပ်များအလည်မှာ အထင်ကရရှိခဲ့သည်။ တောင်တော်ပေါ်မှာ သံဃာတော်များ သီတင်းသုံးရာကျောင်းတိုက်များရှိသည်။ တောင်စောင်းအတိုင်း ဆင်းသွားပါက သီလရှင်ဆရာလေးများ သီတင်းသုံးရာကျောင်းဇရပ် စခန်းရိပ်သာများ များစွာရှိသည်။ ဥပုသ်နေ့နှင့် ဝါတွင်းကာလများဆို ဓမ္မစကြာရွတ်ဖတ်သံများ မေတ္တာပို့သံများ ပျံလွှင့်နေတတ်သည်။ မန္တလေးတောင်၊ စစ်ကိုင်းတောင် တို့နှင့် အသွင်သဏ္ဍာန်တူသည်။

နိဗ္ဗိန္ဒတောင်(အထက်)ပေါ်တွင် ဆင်ရုပ်ကြီး နဲ့ ခြင်ရုပ်ကြီးများ ရှိပြီး ဆင်ဆင်ခြင်ခြင်နဲ့ အသိပညာရှိစွာနေထိုင်ရန် ဥပမာပြရည်ရွယ်ပြီး ဆရာတော်ကြီးက ထုလုပ်ခိုင်းထားခဲ့သည်ဟုဆိုသည်။ ဒါကဟိုစဉ်က နိဗ္ဒိန္ဒတောင်ရှုမြင်ကွင်းဖြစ်သည်။

ယခုတော့ ရန်ကုန်-ပြည်အဝေးပြေးကားလမ်းမကြီးက ထိုနေရာတောင်ခြေကနေ ဖြတ်ဖောက်ခဲ့ပြီး တိုးချဲ့လာသော လူနေရပ်ကွက်များနှင့် စက်မှုဇုန်၊ နဝဒေးရပ်ကွက်၊ နဝေဒေးပွဲရုံတန်း၊ နဝေဒေးတံတား တို့သို့သွားရာ လမ်းဆုံသည် နိဗ္ဗိန္ဒတောင်ခြေတွင် ဖြစ်တည်လာရာ။ တောင်တန်းတောရသည်လည်း မြို့ကျောင်းဖြစ်လာခဲ့ရသည်။

ကျနော်မှတ်မိနေသေးသည်။ တချို့လည်း မှတ်မိနေကြမည်။ တချို့လည်းမေ့မေ့လျော့လျော့ ဖြစ်နေမည်။ တချို့လည်း မသိမမီလိုက်တာဖြစ်နိုင်ပါသည်။ ယခင်က ပြည်မြို့ကနေ ရွှေတောင်ချည်မျှင်အထည်စက်ရုံကို သွားသည့် မီးရထားလမ်းရှိခဲ့သည်။ ထိုမီးရထားလမ်းက ကျနော်နေထိုင်ရာ မြို့သစ်အနောက်မြို့ပတ်လမ်းနှင့် ဂေါက်ကွင်း အခုကတော့အားကစားကွင်းနှင့် ဘောလုံးကွင်း၊ (အစိုးရရုံးများ၊ တပ်ထွက်ဗိုလ်ကြီးများနှင့် မကင်းရာမကင်းကြောင်းများ အကွက်ရိုက်ယူ ရောင်းချစားထားရာ နေရာများ။) ကြား ယခု ရန်ကုန်-ပြည်အဝေးပြေးကာလမ်း တလျှောက်မှာရှိသည်။

နောက်တော့ ထိုမီးရထားလည်း မဆွဲတော့ ရထားလမ်းဟောင်းနေရာတွင် စွပ်ကြောင်းနှင့် လမ်းဟောင်းကျန်ခဲ့သည်။ လမ်းဟောင်းနေရာတွင် ထိုစဉ်က နွားလှည်းများ သွားလာကြပြီး ချောင်းသဖွယ်ဖြစ်နေသည်။ ထိုလမ်းဟောင်းက နိဗ္ဗိန္ဒတောင်တောရ အောက်ကနေ ကွေ့ဝိုက်ထွက်သွားသည်။

နိဗ္ဗိန္ဒတောင်တောရ မရောက်ခင် တောင်ကွဲကြီးနေရာကနေဖြတ်သွားရသည်။ တောင်ကွဲကြီးက နာမည်ကြီးသည်။ ကျနော်ကလေးဘဝပဲရှိအုံးမည်။ လမ်းတွေဖောက်ဖို့ ကန်လန့်ခံနေသည့် တောင်ကို ခွဲထုတ်ဖြတ်ဖောက်ကြသည်။ ထိုစဉ်က စက်ယန္တရားအားမကောင်းသေး။ အကျဉ်းသားများဖြင့် မြေတူးတောင်ဖြိုလုပ်ကြသည်။ ရလာသည့် မြေနီတွေကိုလည်း အာဏာပိုင်တွေက ရောင်းစားကြသေးသည်။

တနေ့တော့ တောင်ကွဲကြီးမှာ တောင်ပြိုကျမှုဖြစ်သည်။ အကျဉ်းသားတွေမြေပိလို့ သေဆုံးကြသည်။ အကျဉ်းသားများကို သံခြေကျင်းများခတ်ထားရာ ပြေးလို့မရ၊ တယောက်နဲ့တယောက်အတွဲလိုက် ခတ်ထားသည့်သံခြေကျင်များကြောင့် မလွတ်တော့ပဲ မြေပိလို့ သေသွားကြသည်။ ထိုဖြစ်စဉ်သည် မြို့ပေါ်တွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့သည်။ ရက်လပေါင်းများစွာ ထိုနေရာကို မှောင်သည်နှင့် လူတွေမသွားရဲကြ။

ထားတော့ ထိုစဉ်ကဆက်စပ်အဖြစ်အပျက်များပါပေ။ ရထားလမ်းဟောင်းစွပ်ကြောင်းလေးကနေ ဝါဆိုလ ပန်းခူးပွဲ သွားကြသူတွေ နွားလှည်းများနှင့် တဖုံ ခြေလျင်တမျိုးဖြင့် သွားလာကြသည်။ မှော်ဇာ၊ ကင်းမွန်းခြုံနှင့် ရွှေတံခါး တို့နှင့် ပျဉ်းပင်ကိုင်း၊ သဇင်လှ၊ မြေပဒေသာ၊ ဇလုပ်မ၊ အောင်မြေ ထိုထိုမှသည် နိဗ္ဗိန္ဒတောင်တောရ ကျောင်းကြီးကို အမှီပြုလို့ ပတ်ဝန်းကျင်တခွင်ရှိ တောတန်း တောအုပ် များဆီသို့သွားကာ မိုးရာသီအလေ့ကျပေါက်သည့် တောပန်းပင်များက ပန်းများကို ခူးကြသည်။

မိုးကာလ မိုးရေတို့ဖြင့် ပတ်ဝန်းကျင်တခွင်လုံးစိမ်းစိုနေပြီး ရရှိလာတဲ့ မိုးရေစက်တွေနှင့် တောရိုင်းပင်၊ မြေကပ်ပန်းပင်လေးတွေက လန်းဆန်းစိမ်းစို ဖူးပွင့်ဝေလာကြသည်။ အမျိုးအမည်ပြောပြဖို့ခက်သည့် တောပန်းတွေက အစိမ်းရောင်နောက်ခံမှာ ရောင်စုံအောင်ပင်ပွင့်ကြသည်။ တချို့လည်း မွှေးသည် တချို့လည်း မမွှေး။ ပန်းခူးလာသူများကတော့ တောပန်းမှန်သမျှခူးရင်း တောလည်ကြသည်။ ကျနော်သတိထားမိသည်ကတော့ ဝါဆိုလပြည့်နှင့် လပြည့်ကျော်ရက်များ ပန်းခူးထွက်သည့်ရက်များတွင် မိုးကမရွာ။ အုံဆိုင်းသည်ဆိုယုံ။ မိုးသားတိပ်လိပ်တို့ရှိတတ်သည်။

ကျနော်တို့ငယ်ဘဝက မြန်မာရိုးရာပွဲလမ်းသဘင်များနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်နေ့များမှသာ အနားယူအပန်းဖြေ ဝတ်ကောင်းစားလှများ ဝတ်ကြရသည်။ မိသားစုလိုက်ဖြစ်စေ သူငယ်ချင်းများဖြင့်ဖြစ်စေ သွားကြလာကြ ပျော်ကြပါးကြသည်။

မိသားစုလိုက်လာသူများကလည်း သစ်ရိပ်ဝါးရိပ်ကောင်းရာနေရာများတွင် ဖျာများ စက္ကူများ ဖတ်များခင်းကာ ဝိုင်းဖွဲ့ထိုင်ရင်း ချက်ပြုတ်ကြော်လှော်ယူလာသည့် စားသောက်ဖွယ်ရာများစားသောက်ကာ အနားယူအပန်းဖြေကြသည်။ စားသောက်ဖွယ်ရာများရောင်းသည့် ခေါင်းရွက်ဗျက်ထိုးစျေးသည်လေးများလည်း ရှိသည်။

ထိုစဉ်က ဘလူးတုဘောက်များမရှိ၊ မကိုင်နိုင်ကြသေး၊ မပေါ်သေးတာလည်းဖြစ်မည်။ ဓါတ်ခဲများထည့်ဖွင့်ရသည့် နေရှင်နယ်၊ ပနဆိုးနစ်၊ စံညို၊ အုန်းသီးကက်ဆက်တို့သာ ရှိကြေသးသည်။ လူတိုင်းအိမ်တိုင်း ကိုင်နေသေးသည်တော့မဟုတ်ပါ။ ဂီတာကိုင်သည်ကလည်း ရှားရှားပါးပါးလို့ခေါ်ရမယ်။ မယ်ဒလင်များတော့ ကာလသားလူပျိုကြီးများက ယူလာတတ်ကြသည်။

ကျနော်ကတော့ မူလတန်းလွန် အလယ်တန်းကျောင်းသားရယ်သာပါ။ မိသားစုနှင့်သွားသည်။ နောက်တော့ သူငယ်ချင်းများနှင့်အဖွဲ့လိုက်သွားကြသည်။ ကျနော်ကနွမ်းပါးသူဖြစ်သည့်အတွက် သူငယ်ချင်းများကသာ ကမကထလုပ်ကာ ခေါ်သွားကြတာများပါသည်။ မြို့ရဲ့ တခြားသောပွဲလမ်းသဘင်များ ရှိပါကလည်း ထို့သို့ပင် ကျနော့်ကို သူတို့ခေါ်သွားတတ်ကြပါသည်။

အော်ဟစ်ပျော်ပါးကာ အဖွဲ့ လိုက် အမျိုးသမီးအဖွဲ့ အမျိုးသားများအဖွဲ့ဖြင့် စကြနောက်ကြ လူပျိုလှည့်ကြရသည်။ ဆိုင်ကယ်များမရှိသေး။ စက်ဘီးများစီးကြသည်။ နောက် ၅ နှစ်ခန့်ကြာသောအခါမှာတော့ သူငယ်ချင်းတချို့ ဆိုင်ကယ်ဝယ်လာနိုင်ပါသည်။ မြို့မှာလည်း ဆိုင်ကယ်များ ရှိလာကြပါသည်။

ဝါဆိုပန်းခူးသည် အထင်ကရ ရှိခဲ့သည်။ ဗုဒ္ဓဘာသာဝင်များအပြင် အခြားသော ဘာသာခြားများသည်လည်း ထို ဝါဆိုပန်းခူးနေ့များကို ဝင်ရောက်ဆင်နွှဲကာ သူငယ်ချင်းများနှင့် လိုက်ပါလေ့ရှိကြသည်။

ကျနော်တို့မြို့နှင့် ဝါဆိုပန်းခူး နိဗ္ဗိန္ဒတောင်သည် ခွဲခြားပြော၍မရ။ ထို့အတူပဲ ပြည်တောလက်ဖက်/သီလရှင်လက်ဖက် ဟု နာမည်ကြီးနေသည့် ဒေသထွက်စားစရာတခုနှင့်လည်း နိဗ္ဒိန္ဒတောင်သည်ခွဲခြားပြောမရ။ တောလက်ဖက်အကြောင်းကတော့ ကျနော်ထွေထွေထူးထူးပြောပြစရာမလို။ တနိုင်ငံလုံးကလည်း သိနေကြသည့် စားသောက်ကုန်ပစ္စည်းရယ်သာပါ။

သို့ပေမယ့်လည်း ဆက်စပ်ပတ်သက်နေမှုများအား ပြောပြချင်ပြန်ပါသည်။ အစောပိုင်းမှာ မိတ်ဆွေတို့ ဖတ်ခဲ့ပြီးဖြစ်မည်။ နိဗ္ဗိန္ဒတောင်(အထက်) ၏ အနောက်တောင်စောင်းအတိုင်း ဆင်းသွားပါက သီလရှင်ဆရာကြီး၊ ဆရာလေးများ၏ ကျောင်းဆောင်၊ စခန်း၊ ရိပ်သာ၊ ဇရပ်များ ရှိနေသည့် သီလရှင်များလည်း ရာနဲ့ချီကာ ရှိသည်။

နိဗ္ဗိန္ဒတောင် တင်မကပါဘူး ပြည်မြို့ရဲ့ တောင်တန်းတောရ တွေမှာ သီလရှင် ဆရာကြီး/ဆရာလေးများစွာ သီတင်းနေကြသည်။ များသောအားဖြင့်တော့ သီလရှင်များအတွက် ဆွမ်းကွမ်းခက်ခဲပြီး တောဖိတ်မြို့ဖိတ် ဆိုပြီး တပတ်တကြိမ်၊ နှစ်ကြိမ် ဆွမ်းဆန်စိမ်းအလှူခံထွက်ရာမှ ရလာသည့် စားသောက်ဖွယ်ရာများကို စုဆောင်းချွေတာသုံးစွဲကြရသည်။

မီးဖိုချောင်စားသုံးသီးနှံတွေကိုတော့ ကျောင်းဇရပ်အနီးမှာ စိမ်းစိမ်းစိုစိုစိုက်ပျိုးထားကြရသလို သဘာဝတောတောင်ထဲကရသည့် အသီးအနှံအရွက်များကိုလည်း အခြောက်လှန်းသင့်တာလှန်း။ လှော်သင့်တာလှော်၊ ကင်သင့်တာကင်ပြီး လုံခြုံအောင်ထုပ်ပိုးထားကာ လ၊ နှစ် နဲ့ချီပြီး သိမ်းဆည်းသုံးစွဲ ကြသည်။

ဥပမာ သခွပ်ပွင့်၊ ချဉ်ပေါင်ဖူး၊ သရက်သီးခြောက်၊ ဇီးသီးခြောက်၊ ဗူးသီးခြောက် တို့လိုမျိုး စုဆောင်းထားတာ မျိုးရှိသည်။ ထိုနေရာတွင် တောလက်ဖက်လည်း ပါဝင်လာခြင်းဖြစ်သည်။ အစပြုရာကတော့ နိဗ္ဗိန္ဒတောင် သီလရှင်ဆရာလေးများဆီက စတင်သည်လို့ အများစုကလက်ခံထားကြသည်။ အခြားတောင်တန်းတောရများက သီလရှင်ဆရာလေးများလည်း ပြုလုပ်ဖူးကြမည်ထင်ပါသည်။

တောင်ကုန်းတောင်စောင်းတွေမှာ အလေ့ကျပေါက်လေ့ရှိသည့် နရွဲရွက်တွေ ဝေဝေဆာဆာနုနုသစ်သစ်ထွက်ချိန် တပေါင်း၊ တခူးလများမှာ ရွက်နုလေးတွေကိုခူးဆွတ်ပြီး ပြုတ်ကာ နူးညံ့သွားသည့် အရွက်များကို ကျေသွားသည့်အထိ ဆုပ်နယ်ကာ အိုးတွေထဲထည့်နှပ်ထားကြရသည်။ ထို့နောက်မှာတော့ ဘန့်မွေးရွက်၊ အင်ဖက် တို့နှင့် အထုပ်ကလေးတွေ လုံးကာ နှီးကြိုးများနှင့် ချည်နှောင်လိုက်ကြတော့သည်။ ပြီးလျှင်တော့ ရေစိမ်ထားကာ လ၊ နှစ် နဲ့ချီထား စားသုံးနိုင်ကြသည်။

ထုပ်ပိုးရာမှာတော့ အင်ဖက်ရွက်နဲ့ ထုပ်ပါက ရေစိမ်သည့်အခါ ပုတ်ဆော်နံတတ်သည်လို့ ပြောကြသည်။ ဘန့်မွေးရွက်ကတော့ ထိုသို့မနံဟု ဆိုကြသည်။ ထိုအရာများကို ကျနော် မဆန်းစစ်ကြည့်ပါ။ ထိုတောလက်ဖက်ကို တီထွင်ခဲ့ကြသည့် သီလရှင်ဆရာလေးများက ကိုယ်တိုင်လည်း စားသုံးကြသလို၊ ကျောင်းဇရပ်သို့ ရောက်လာကြသည့် ဥပုသ်များကိုလည်း ဧည့်ခံကျွေးမွေးကြသည်။ ထိုမှသည် တောလက်ဖက်သည်နာမည်ကြီးလာကာ လက်ဆောင်ထည့်ပေးသည့် အလေ့အထရှိလာသည်။

ယနေ့အချိန်တွင်တော့ တောလက်ဖက်ကို မိသားစုအသေးစားစီးပွားရေးလုပ်ငန်းလေးများ အဖြစ် လုပ်နိုင်လာကြပြီး သီလရှင်ဆရာလေးများလည်း တကူးတက လုပ်နေကြသည်မရှိဘဲ ရောင်းချသည့်နေရာများမှသာ ဝယ်ယူသိမ်းဆည်းဧည့်ခံကျွေးမွေးကြတော့သည်။

ကျနော်ကတော့ ထိုတောလက်ဖက်ထုပ်လေးများ၏ ဖက်တွေကိုဖြည်ထုတ်လိုက်ပါက ထွက်လာတတ်သည့် အမွှေးနံ့ကို အလွန်ကြိုက်ပါသည်။ ပြီးလျှင် ကြက်သွန်နီလေးပါးပါးလှီး၊ မြေပဲဆံကြော်လေးကိုတောင်းချင်တောင်း မတောင်းချင် ခွဲခြမ်းအတိုင်းထည့်၊ ငရုတ်သီးစိမ်းလေးညှပ်၊ သံပုရာသီးလေးညှစ်ကာ ပုဇွန်ခြောက်လေးနှင့်စားလိုက်ပါက အလွန်ပင် အရသာရှိကာ နူးညံ့စိမ့်သက်သွားသည်။ ကျန်းမာရေးရှု့ထောင့်အရ ကောင်းသည်များလည်း ရှိသည်။

ယခုတွင်တော့ မြန်မာနိုင်ငံတနံတလျားသို့ တောလက်ဖက်ထုပ်များ ရောက်ရှိနေကြပါပြီ။ မြို့ကြီးများစွာ၏ အမှတ်တရလက်ဆောင်ပစ္စည်းများရောင်းချကြသည့် ဆိုင်များတွင် တောလက်ဖက်ထုပ်များ ချိတ်ဆွဲထား၍တဖုံ၊ ရေအိုးရေခွက်များထဲတွင် ထည့်စိမ်၍ တနည်းဖြင့်ရောင်းချကြသည်။ အဝေးပြေးကားဝန်းကြီးများထဲက ဆိုင်များတွင်လည်း ရှိနေတတ်ကြသည်။
တောင်တန်းတောရ စခန်းရိပ်သာလေးများကနေ စတင်ခဲ့သည့် တောလက်ဖက်များသည် ပြည်ပနိုင်ငံများသို့ပါ ရောက်ရှိနေပြီဖြစ်သည်။ စခန်းရိပ်သားလေးများသည်လည်း ပြောင်းလဲမှုများရှိခဲ့သည်။ တချို့သောအငွေ့အသက်များမှာတော့ အဟောင်းအတိုင်း ရှိနေကြဆဲပင်။

မြို့လေးနှင့်ပတ်သက်ပြီး ကျနော့်ခံစားမှုများကလည်း မပြောင်းလဲပါ။ မြို့ကလေးကသာ ပြောင်းလဲသွားသည်။ သမိုင်းတကွေ့မှာ မြို့ကိုတိမ်မြုပ်ပျောက်ကွယ်အောင် လုပ်နေကြသူများရှိသည်။ မြို့ကလေးကို ဝါးအစည်းပြေသလိုပြေကျအောင် လုပ်နေသူများရှိပါသည်။

တချိန်တွင် မြို့သို့ပြန်ရောက်သော် ဝါဆိုပန်းခူးနေ့နှင့်ကြုံကြိုက်ပါက လမ်းဟောင်းလေးအတိုင်း ကြည်နူးစရာများကို ပြန်တူးဆွကြည့်ပါအုံးမည်။

ရေးသားသူ-ငြိမ်းချမ်းဝေ ထံမှကူးယူဖော်ပြပါသည်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#PyayCity #တောလက်ဖက် #ပြည် #ဝါဆိုပန်းခူး #ဘာသာရေး #ပွဲလမ်းသဘင် #ရသစာတမ်း #အက်ဆေး

You may also like these