

(#ရသစာတမ်း)
ဇွန် ၂၈၊ ၂၀၂၅။
၁။
ကလေးမလေးက အသက်၂ နှစ်ခွဲ ၃နှစ်လောက်ရှိသေးတယ်။ ဆံပင်ကောက်ကောက်မျက်လုံးတောက်တောက်ကလေးတွေက ဘိုမရုပ်ကလေးတစ်ရုပ်လို။
မုန့်စျေးတန်းရှေ့ကဖြတ်သွားတော့ ဘိုမရုပ်ကလေးကငေးလို့။ ဘိုမရုပ်ကလေးအငေးက သူ့အမေဆွဲခေါ်ရာ ဒရွတ်ဆွဲပါသွားတယ်။
“ကလေးလေးတော့ ချစ်ပါတယ်အေ။သူ့မအေကိုအမြင်ကပ်လို့ မုန့်မပေးလိုက်တာ”
“ဟုတ်ပ။ မနေ့က ငုံးဥတစ်ထုပ်ပေးရင်းနဲ့ သမီးအဖေကြီး သတိမရဘူးလားမေးတော့လေ၊ သူ့အမေကိုမော့ကြည့်ပြီးမှ လွမ်းတာပေါ့တဲ့လေ””
၂။
ဘာလိုလိုနဲ့ အာဏာလုစစ်ကောင်စီလက်ထဲ မြန်မာနိုင်ငံကြီးကျရောက်ခဲ့တာ ၄ နှစ်တောင်ကျော်ခဲ့ပြီ။ တိုင်းပြည်လည်း အလဲလဲအပြိုပြို၊ တိုင်းသူပြည်သားဘဝများလည်း တမွဲမွဲတငိုငို။
စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးလာတဲ့စနစ်အတိုင်း လူမိုက်တွေတန်ခိုးထွားလာလိုက်တာ ဖဲဝိုင်းအစကြက်ဝိုင်းအလည် ဂျင်ဝိုင်းအဆုံးကိုယ်ကျင့်တရားတွေလည်း ဗုံးဗုံးလဲနေပြီကော။
ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာဆိုတဲ့ ရိုးရိုးအအ မြန်မာကျေးလက်ဒေသတွေမှာအခုတော့ ညောင်သီးလည်းစားလေးသံလည်း နားထောင်တတ်နေပြီ။
ကိုယ့်လယ်ကိုယ့်ယာကိုယ့်ဘာသာ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းဖို့ ကိစ္စတောင်မနက်စောစောမသွားရဲ၊ ညမှောင်အောင်နေရဲ ဖြစ်နေကြရပြီလေ။
စစ်ကောင်စီရဲ့မကြာခင်ကာလကထုတ်ပြန်လာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကြီးက အင်္ဂုလိမာလတဲ့ဟေ့ဆိုတဲ့ အသံကြီးလို ခြောက်လန့်နေခဲ့ပြီ။ အခုဆိုရင်ခြောက်လန့်တဲ့အဆင့်မဟုတ်တော့ဘူး၊ ညကြီးအချိန်မတော်အိမ်ပေါ်ထိတက်လာခဲ့ပြီ။ ကျေးလက်တွေမှာညဆို ကိုယ့်အိမ်ကိုယ် မအိပ်ရဲတော့ဘူး။
၃။
စစ်ကောင်စီရဲ့ဥပဒေကြီးကလူစင်စစ်ကနွားဖြစ်ကုန်ကြပြီ။ လူငယ်လူရွယ်ဆိုဘယ်ဈေး၊အရက်သမားဆိုဘယ်စျေးဆိုတာတွေ ဖြစ်ကုန်ကြပြီ။ စစ်ကောင်စီလက်သပ်မွေးထားတဲ့လူမိုက်တွေက လူပွဲစားတွေဖြစ်လို့၊ ရွှေတွဲလွဲ၊ ငွေတွဲလွဲ။ ခေတ်ပျက်သူဌေးတွေက ခေတ်ပျက်ပါစေတောင်းဆုချွေကြ။
ခေတ်ပျက်ကြီးထဲကအဖြစ်အပျက်တိုင်းဟာ စိတ်ကူးယာဥ်ဇာတ်လမ်းတွေထက်ဆန်းကြယ်။ကြားရရင်တကယ်ရောဟုတ်ရဲ့လားလို့ ကိုယ့်နားကိုယ်မယုံချင် နှလုံးသားတွေနာကျင်ရ။
၄။
ဘိုမရုပ်ကလေးမေမေက ဖဲချစ်သူ၊ ဂျင်ချစ်သူ။ တနေ့သားဂျင်ဝိုင်းမှာဂျင်ကသိုဏ်းရှုလိုက်တာကသိုဏ်းလည်းပေါက်အိပ်လည်း ပေါက်ပါရော။ ငွေမျေားငွေနဲ့လိုက်မယ်ဆိုပြီး၊ ဘိုမရုပ်လေးဖေဖေကိုလူပွဲစားနဲ့လက်တို့လိုက်တာ ပါသွားပါလေရောတဲ့။
ဘိုမရုပ်ကလေးကို ဖေဖေခရီးသွားတယ်ပြောထားလေတော့ မှန်လုံကားတွေမြင်တိုင်းမျက်လုံးအဝိုင်းသားနဲ့ငေးလို့။ ငေးနေတဲ့မျက်ဝန်းလေးထဲမှာ….
ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#အက်ဆေး #စစ်မှုထမ်းဥပဒေ #ကလေးသူငယ်ရေးရာ