ခြေသလုံးပန်းပန် ၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ်

(#သရော်စာ)

ဇွန် ၂၉၊ ၂၀၂၅။

သတင်းထဲဖတ်လိုက်ရပါရောဗျ။ ဒီကနေ့ ၅၉ ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကြီး ကျင်းပမယ်ဆိုပါလား။ အဲဒီမှာ ကုလလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk က မြန်မာနိူင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းမတဲ့လေ။ အဲဒီထဲမယ် မြန်မာ့စီးပွါးရေးအခြေအနေအသေးစိပ်ကို လေ့လာသုံးသပ်ရေးသားထားတယ်ဆိုတာကိုး။

ပြီးခဲ့တဲ့နေ့ကတော့ ကုလလူ့အခွင့်အရေးစုံစမ်းသူ တွန်အင်ဒရူးက မြန်မာ စကစလုပ်မဲ့ရွေးကောက်ပွဲဟာ အတုအယောင်လုပ်ဇာတ်သာဖြစ်လို့ ကမ္ဘာက ဝိုင်းဝန်းကန့်ကွက်ကြဖို့တိုက်တွန်းထားသေးသဗျို့။

မအလရဲ့ စကစအဖွဲ့ကြီးကလည်းနေပြည်တော်ဆိုသဟာကြီးမှာ”ငြိမ်းချမ်းရေးဖိုရမ်၂၀၂၅”ဆိုပြီးပွဲလမ်းကြီး ကျင်းပနေလေရဲ့။

လတ်တလောနိူင်ငံနဲ့အဝှမ်းဖြစ်ပွါးနေတဲ့ စစ်ပွဲအထပ်ထပ်ကို မျက်ကွယ်ပြုပြီးကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဆိုတော့၊ မျက်နှာမှာသနပ်ခါးနဲ့ပေါင်မှာသေးစီးကြောင်းနဲ့ ဆိုတာလိုဖြစ်မနေပေဘူးလား။ ခြေသလုံးပန်းပန်နေတာပဲပေါ့လေ။ တနည်းပြောရရင် ငါးစိမ်းတန်းမှာအမွှေးတိုင်ထွန်းတာပါပဲ။ငြိမ်းချမ်းရေးဖိုရမ်မှာ မအလကြီးစကားတက်ပြောလိုက်မှ၊ အာဏာလုခြင်းကိစ္စဟာ၊အရပ်သားအစိုးရ(NLD)အပေါ် မနာလိုမရှုစိမ့်ဖြစ်နေတာတွေ၊ နိူင်ငံ့အရေးထက် စစ်အုပ်စုသက်ဆုံးတိုင် သာယာဝပြောရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်ဘွင်းဘွင်းကြီးပေါ်လာတော့တာကိုး။

စစ်အုပ်စုအဆက်ဆက်ဟာ အရပ်သားကိုထာဝရကျွန်ပြုဖို့ ၂၀၀၈ စာအုပ်စိမ်းကြီးနဲ့စာချုပ်ချုပ်သလိုလုပ်ထားပြီးသားပဲ။ ဘုရားဟောကျမ်းကြီးလိုပြင်မရဖျက်မရ ဥပဒေပေါ်ဥပဒေဆင့်ပြီးကာကွယ်ထားပြီးသား။ အဲဒါ အရပ်သားအစိုးရက လစ်ကွက်ရှာပြီး အရပ်သားဘက်အလေးသာလာတော့ မခံမရပ်နိူင်ဖြစ်ပြီးအာဏာလုရတော့တာပေါ့လေ။ အဲဒါကိုပဲ မအလကြီးက အရမ်းချီးပူးတွေကိုပွဲတိုင်းပြောနေတော့တာကိုး။

မအလကြီးပြောတာရှိသေး။ အခြားတပါးတိုင်းပြည်ရဲ့ ဩဇာခံမဖြစ်လိုဘူးဆိုတာလေ။စကစကြီးကိုယ်တိုင် စိန အားကိုးပြီးဆုံးရှုံးနယ်မြေပြန်တောင်းရတာတွေ၊ စိန ချပေးတဲ့လမ်းကြောင်းအတိုင်း လျှောက်နေရတာတွေက ဘာတွေလဲ။ စစ်အုပ်စုကျင့်သုံးမယ့်ဒီမိုကရေစီဆိုတာအဲသဟာမျိုးလား။ ဗြောင်လိမ်ဗြောင်စားသောက်ခွက်ပြောင် ဒီမိုကရေစီပေါ့ ဟုတ်စ။

အခု ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ဆိုတာကြီးကလည်း၊ လက်ရှိနိူင်ငံရေးဖြစ်စဥ်ကြီးနဲ့ဘာမှမပတ်သက်ပဲ မအလဩဇာခံနိုင်ငံရေးပါတီတွေနဲ့မအလရဲ့ပုလင်းတူဘူးစို့တွေပဲတက်ရောက်ပြီး၊ မအလရဲ့ချီးခြောက်ရေနှူး၊ အစာမကြေအော့အန်သံတွေကို လာရောက်နားထောင်ကြရုံသက်သက်ပါပဲ။ ပြီးတော့မအလကြီးအနံ့ပေးတဲ့ ရွေးကောက်ပွဲနံ့လေးရှူပြီးပြန်ကြ၊ စမြုံ့ပြန်ကြပေါ့လေ။

စစ်အာဏာရှင်အဆက်ဆက်လုပ်ခဲ့ကြတဲ့ နောက်ဆုံးထွက်ပေါက်က ရွေးကောက်ပွဲဆိုတာကြီးပဲလေ။ မအလကြီးကလည်း မဖြစ်မနေအဲဒီထွက်ပေါက်ဆီပြေးမှာပဲ။

ကမ္ဘာကြီးကိုအမျိုးမျိုးလှည့်ဖျားပြီး ထွက်ပေါက်ကိုတွန်းထိုးထွက်မှာပဲ။ ကမ္ဘာကြီးဆိုတာကတော့ငယ်ငယ်ကဖတ်ဖူးတဲ့ ပုံပြင်လေးလိုနေမှာပေါ့။ တခါတုန်းက သူဆင်းရဲတစ်ယောက်ဟာ သူဌေးကြီးတစ်ယောက်အိမ်မှာ အစေခံလုပ်သတဲ့။ စိတ်ထားမကောင်းတဲ့သူဆင်းရဲလေးက သူဌေးအိမ်မှာထမင်းစားရင် မချိမဆန့်ထည့်စားပြီးမကုန်ရင် ပစ်လိုက်သတဲ့။ အလုပ်လုပ်ရင်လည်းပြီးပြီးရောလုပ်သတဲ့။ သူဌေးကြီးက အမြဲအကဲခတ်ပြီးပြောလေ့ရှိတဲ့စကားရှိသတဲ့။ “လုပ်ပေါ့မောင်ရာ၊မင်းပဲခံရမှာ”တဲ့လေ။ သူဆင်းရဲလေးကနားမလည်တော့ သူဌေးကြီးရူးနေလားမသိဘူးပေါ့လေ။ သူ့အကျိုးစီးပွါးထိခိုက်နေတာများ “မင်းပဲခံရမလေးဘာလေးနဲ့” ပေါ့လေ။ စာချုပ်စေ့သူဆင်းရဲလေးအိမ်ပြန်ရောက်တော့ အလုပ်ကိုလက်ကြောတင်းအောင် မလုပ်တတ်တော့ဘူး။အစားအသောက်လည်း ချွေချွေတာတာမစားတတ်တော့ဘူး။ အဲ့အခါကျမှသူဌေးကြီးပြောတာသဘောပေါက်သွားသတဲ့လေ။

အခုလည်း မအလတို့စစ်အုပ်စုက
ယဥ်ကျေးတဲ့ကမ္ဘာက ဘယ်လိုနားချချမရဘူးလေ။ အဲတော့ ကမ္ဘာကလည်း “မင်းပဲ ခံရမှာ”ဆိုပြီးထားလိုက်ရုံသာ။ စစ်အုပ်စုဟာ မြန်မာနိူင်ငံကိုကိုယ်စားမပြုလေတော့”မင်းပဲခံရမှာ”နဲ့လားလားမှမဆိုင်ဘူးပေါ့။ ဒီတော့ မကောင်းဆိုးရွားဖုတ်ပြိတ်တာ စစ်အုပ်စုကိုနွေဦးတော်လှန်ရေးဆိုတဲ့အထက်လမ်းပညာနဲ့ အပြီးမောင်းထုတ်နေကြတာပေါ့။ အဓိကကတော့ စစ်အုပ်စုနောက်ဆုံးထွက်ပေါက်ရွေးကောက်ပွဲဆိုတာကြီးဆီ မရောက်မီအပြတ်မောင်းထုတ်မှ ဖုတ်ပြိတ်တာမျိုးပြုတ်မှာအသေအချာ။

နိူ့မဟုတ်လို့ကတော့ သရက်ပင်ပျိုးနေတဲ့ အဖိုးကြီးကို မင်းသားငယ်ကမေးသလို၊ သင့်အသက်အရွယ်နဲ့အပင်ပျိုးနေတော့ ဒီအပင်ကအသီးသင်စားရဦးမယ်ထင်လို့လားဆိုတော့၊ အခုအသင်စားနေတဲ့သရက်သီးဟာ ကျုပ်အဖိုးစိုက်ပျိုးခဲ့တာပဲ။ အခုကျုပ်စိုက်တဲ့အပင်ကအသီးကိုလည်း ကျုပ်သားမြေးတွေစားရတာပေါ့ဆိုတာလို၊ စစ်အုပ်စုအဆက်ဆက်စိုက်ပျိုးထိန်းသိမ်းထားတဲ့၊ စစ်အာဏာရှင်မျိုးစိတ်က စစ်အာဏာရှင်သားစဥ်မြေးဆက် အသက်ဆက်ပြီး အရပ်သားတွေအပေါ်ထာဝရကျွန်ဇာတ်သွင်းမှာ အသေအချာ။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်-ညိုမြ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#သရော်စာ #ကာတွန်း #လူထု #သတိပြုပါ #ရွေးကောက်ပွဲ #ငြိမ်းချမ်းရေး

 

 

You may also like these