မြေပြန့်ဒေသရဲ့ပေါင်းစည်းမှုကနဦးအဖြစ် ပဲခူးတိုင်းယူနစ်ဖက်ဒရယ်အင်အားစု(BUFF) နဲ့ မကွေးဒေသတော်လှန်ရေးအင်အားစုများကွန်ရက် တို့ဟာ အလုပ်သဘောတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုကိုတော့ ဇွန်လ (၂၆) ရက်နေ့က ပြလုပ်ခဲ့တာဖြစ်ပြီး အနာဂတ်ဖက်ဒရယ်မျှော်ရည်ချက်များအတွက် အချက်(၄) ချက်ပါဝင်တဲ့ သဘောတူညီမှုလုပ်ငန်းစဉ်တွေကိုတော့ ဇွန်လ (၂၈) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သဘောတူညီမှုရခဲ့တဲ့ အချက်တွေကတော့ နှစ်ဖက်အင်အားစုတွေ ပုံမှန်ချိတ်ဆက်ဆွေးနွေးဖို့ စုဖွဲ့မှုတခုစတင်ဆောင်ရွက်ဖို့၊ ကြားကာလအစီအမံတွေဆောင်ရွက်ရာမှာ တွေ့ကြုံရမှုတွေကို အပြန်အလှန်ဆွေးနွေးအကောင်အထည်ဖော် အထောက်အကူပြုဖို့ တို့ပါဝင်ပါတယ်။
“ရှေ့အနာဂတ်ဖက်ဒရယ်နဲ့ ဆိုင်တဲ့ကြားကာလအစီအမံတွေ ဆောင်ရွက်တဲ့အခါမှာ ဒေသချင်းစပ်ဆက်နေတာရယ် ဒေသတွင်းမှာကြုံတွေနေရတဲ့ စိန်ခေါ်မှုတွေက အခြေခံအားဖြင့် တူညီတာကို ဘယ်လိုကျော်လွှားကြမလဲ ဒါကိုဆွေးနွေးပြီးတော့ အဖြေရှာဖို့နဲ့ တိုးတက်ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းအကျင်းတွေမှာ ကျနော်တို့ ဒေသအခြေပြုအနေနဲ့ ဘယ်လိုပါဝင်ကြမလဲဆိုတာတွေကို အပြန်အလှန်မျှဝေတဲ့ဟာမျိုးတွေ ပိုဖြစ်ဖို့မျှော်လင့်တယ်” လို့ တွေ့ဆုံဆွေးနွေးသဘောတူမှုနဲ့ ပတ်သက်ပြီး BUFF တာဝန်ရှိသူအမျိုးသားတဦး က ဒို့ပြည် ကိုပြောပါတယ်။
ဒါ့အပြင် ပြည်သူကိုအလေးထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာအစီအမံတွေကို ဖော်ဆောင်ရာမှာ အပြန်အလှန်ပံ့ပိုးကူညီပေးနိုင်ဖို့၊ မိတ်ဘက်အင်အားစုတွေအဖြစ် မြေပြန့်ဒေသပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်ဖို့ တွေလည်းပါဝင်ပါတယ်။
“ပြည်သူအပေါ်မှာ အလေးထားပြီး လက်ရှိကြုံတွေနေရတဲ့ကိစ္စတွေအပေါ်မှာ အပြန်အလှန်ကူညီမှုတွေလုပ်နိုင်ဖို့ရယ် မြေပြန့်ဒေသတွေရဲ့ ပေါင်းစည်းမှုရဲ့ ကနဦးအစလည်း ဖြစ်တယ်လို့ ကျနော်မျှော်မှန်းတယ် ဘာလို့်လဲဆိုတော့ မြေပြန့်ဒေသမှာရှိတဲ့ လူမှုစီးပွာယဉ်ကျေးမှုတွေက တချို့ဟာတွေက အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းပိုဖြစ်တယ်” လို့ BUFF တာဝန်ရှိသူက ဆက်ပြောပါတယ်။
မကွေးဒေသတော်လှန်ရေးအင်အားစုများကွန်ရက် နဲ့ ပဲခူးတိုင်းယူနစ်ဖက်ဒရယ်အင်အားစု(BUFF) တွေဟာ နိုင်ငံရေးအဖွဲ့အစည်း ၊ အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာတွေ၊ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ နဲ့ စုစည်းဖွဲ့စည်းထားကြတာဖြစ်ပြီး ဒေသတွင်းနိုင်ငံရေးဖြစ်စဉ်တိုးတက်ဖြစ်ထွန်းရေးနဲ့ ပြည်သူလူထုတွေအတွက် လူသားချင်းဆိုင်ရာအကူညီပေးရေးတွေကို ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay