သရက်ထောင်မှ လွတ်ရက်စေ့နဲ့ထွက်လာတဲ့ နိုင်ကျဉ်း ၂ ဦး ကို ထောင်ဗူးဝမှာ ပြန်ဖမ်းသွာ

ဇူလိုင် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်မြို့အကျဉ်းထောင်ကနေ လွတ်ရက်စေ့နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား(၂) ဦးကို ထောင်ဗူးဝမှာပဲ ပြန်ဖမ်းသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေဦးထွန်းထွန်းအောင် နဲ့ ကိုနိုင်ထွန်းလင်း တို့ဟာ ဇူလိုင်(၁) ရက် နေ့က လွတ်ရက်စေ့နဲ့ ထွက်လာတာမှာ ပြန်လည်ဖမ်းဆီးခံရတာဖြစ်ပြီး သရက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

“သူတို့နှစ်ယောက်လုံးက ၅၀၅(က) နဲ့ ၁၇(၁) ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇) နှစ်စီအချခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအခြေအနေတွေကတော့ ဆက်လက်စုံစမ်းဆဲပဲ ဖြစ်ပါတယ်” လို့ PPNM ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံမရောင်နီလင်း က ဒို့ပြည် ကို ပြောပါတယ်။

အဲဒီနေ့က သူတို့(၂) ဦးအပါ နိုင်ငံရေးအကျဉ်းသား(၄) ဦးလွတ်မြောက်လာခဲ့တာဖြစ်ပြီး အလားတူ နိုင်ငံရေးအကျဉ်းသားတွေဟာ အခြားအကျဉ်းထောင်တွေကနေ လွတ်ရက်စေ့နဲ့ အချို့ထွက်လာကြတယ်ရှိတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ(၃၀)ရက်နေ့အထိ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့အတွက် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃) ဦး အထိ ရှိခဲ့ပြီလို့ PPNM က စောင့်ကြည့်လေ့လာအစီရင်ခံထုတ်ပြန်ထားပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these