

ဇူလိုင် ၄၊ ၂၀၂၅။
သူမ ကိုယ်ပေါ်မှ သစ်ရွက်များ အရှင်လတ်လတ် အလွှာလိုက် တဖြုတ်ဖြုတ် ကြွေကျသွား။
အော်ဟစ်ရုန်းကန် အကူအညီ တောင်းခံနေသံကို ကြားနေရသော်လည်း အကြောက်တရားက သူမကို အမှိုက်တစလို ပစ်ပယ်ထားခဲ့ကြ။ နာကျင်မှုဟာ အရိုး၊ အသား၊ အသည်းထဲအထိ စိမ့်ဝင်နစ်မြုပ်လို့။
စစ်ခွေး ဘီလူးတကောင်ရဲ့ တဏှာမီးတောက် မီးလျှံများဟာ သူမကိုအစိမ်းလိုက် အငြိုးတကြီး ဝါးမျို။ လောင်ကျွမ်းကြေမွနေတဲ့ စိတ်ဝိညာဥ် အပိုင်းအစများ။ အားအင်ကုန်ခမ်း နွမ်းခြောက် ပျော့ခွေနေသော အသက်ရှင်လျက် အသေကောင်။ သွေးပျက်ထိတ်လန့်မှုများဟာ ဒူးနဲ့မျက်ရည်စက်များကြားက ပေါက်ကွဲလာတဲ့ မီးတောင်။ ချော်ရည်ပူများရဲ့ စိတ်ကစဥ့်ကလျား စီးဆင်မှုဟာ အဆက်မပြတ်။ မြေပြင်မှာ ပုံလျက် လဲကျနေသော အသက်ငွေ့ငွေ့သာ ရှိတော့တဲ့ သစ်ပင်။ အသက်ရှူသံ တိုးတိုးလေးပေါ် လာ နားနေတဲ့ လိပ်ပြာလေးရဲ့ ဂရုဏာ တောင်ပံခပ်သံ။ အိမ်နောက်ဖေးက လိုင်ချီးပင်ကြီးကတော့ စိမ်းစိုတိတ်ဆိတ်နေလျက်။
အဲ့ဒီနေ့က စနစ်ဆိုးရဲ့မုဆိုးဟာ သားကောင် သူမကို အမိအရ ချနင်းအောင်သေ အောင်သားလို စားသုံး ပျော်ပါးခဲ့။ မိုးသားတိမ်တိုက်များ ကင်းစင်နေပြီး ရာသီဥတုက သာသာယာယာ။ မိုးကြိုး မုန်တိုင်များဟာ အသံ တစက်ကလေးတောင် မထွက်ရဲ။ လျှပ်စီးများလည်း လတ်ဖို့နေနေသာသာ အရိပ်အရောင်ပင် မတွေ့။ မြေငလျင်ဟာ တုပ်တုပ်မှ မလှုပ်မယှက်။ အိမ်နီးနားချင်းများဟာ ကိုယ့်ထမင်းကိုယ်စားရင်းနဲ့သာ အချိန်တွေကုန်။ မိုးကောင်းကင်ကြီးမှာ မျက်တောင်မခပ်ဘဲ ကြောင်တောင်တောင် လမ်းမပေါ်။ ရွာက ဘိုးဘိုးကြီးလည်း မ မနိုင်၊ မကယ်နိုင်။ ဘယ်ဘုရားဆီ တိုင်တန်းပြီး ရင်ဖွင့်ရမလဲ။ ဘယ်ငရဲမှာ ဘယ်လို ပြစ်ဒဏ်မျိုးနဲ့ စီရင်ချက် ချမလဲ။ ဘယ်တရားရဲ့ တရားမျှတမှုက အစစ်အမှန်လဲ။ အများဆန္ဒဟာ တရားလား။ ကိုယ့်တရားကို ကိုယ်တိုင်စီရင်မှုဟာ တရားလား။ သြော်… အဝတ်ဗလာနဲ့ ခန္ဓာရဲ့ သူမသစ်ပင်။
စစ်ခွေးရဲ့ိင်တံဟာ သူမ ကိုယ်အင်္ဂါထဲသို့ ဓားသွားပေါ်က လောက်ကောင်လို။ ရက်စက်မှု အနံ့ဆိုးနဲ့ စစ်ခွေးမိစ္ဆာ အယုတ်တမာ။ အကြိမ်ပေါင်းများစွာ စက္ကန့်တံလေးရဲ့ တုန်လှုပ်ချောက်ခြားမှု။ နာရီပေါင်းများစွာ ငရဲရပ်ဝန်းမှ လူသားမိန်းမငယ်တဦး။ ကံဆိုးမိုးမှောင်မှု ဖြန့်ကျက် ကျက်စားနေသော မြေကမ္ဘာ။ သွေးစက်များ ဖြာကျလို့။ သူမ ပါးစပ်ထဲ အော့နှလုံးနာစရာ ရွံရှာစက်ဆုတ်ဖွယ် ပြာကျသွားသော အသွေးအသားများ။
ကျမ အနောက်အင်္ဂါကို ပြုကျင့်ရင်တော့ ကျမ သေ မှာဘဲ။
ကျမ ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ဘူး။
ကျမ သမီးလေးကိုပဲ မြင်ယောင်နေတယ်။
ကျမ သမီးလေး ဘေးအန္တရာယ် ကင်းပါစေလို့ပဲ ဆုတောင်းနေမိတယ်။
ဒီ ခွေးမျိုးကို ခွေးသူတောင်းစားတွေက ဆေးထိုးပြီး လွှတ်လိုက်ကြတာ။
ဒီလို အဓမ္မ ပြစ်မှုတွေဟာ နေရာတိုင်းမှာလိုလို။ ပါးစပ်ဖျားမှာတော့ လူ့အခွင့်အရေး။ ိင် တံက ဖက်ဆစ်ဝါဒ။ ပါးစပ်ဖျားမှာတော့ အမျိုးသမီး အခွင့်အရေး။ ကျူးလွန်လိုက်ကြတဲ့ အကြမ်းဖက်မှုတွေ။ ပါးစပ်ဖျားမှာတော့ တော်လှန်ရေး။ ရူးလိုက်ရတဲ့ အာဏာကလည်း မမောပန်းနိုင်။
တိုးတိုးတိတ်တိတ်ဘဝတွေ အရှက်အကြောက်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု့တွေနဲ့။ သက်ပြင်းများ ပြုတ်ကျနေတဲ့ လမ်းမပေါ် ဖုံးဖိခံထားရတဲ့ အငွေ့ပျံ နေ့ရက်များ။ စိုးစိုးထိတ်ထိတ် ညတွေ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးခဲ့။ အမှောင်ဟာ ခွန်အားတခုအဖြစ် လင်းလတ်နေခဲ့။ သူတို့ကိုယ်မှာ လူသားအရေခြုံ စစ်ခွေးရဲ့ အနံတွေ ပြင်းထန်စွာ ရလို့။
သမီးလေးက အိမ်ထဲမှာ ကုတ်ကုတ်လေး ကြောက်နေလို့။ ယောကျ်ားက ဆေးကွဲပြီး ကြောင်ရဲ့ ပြေးလမ်းမှာ မျောလို့။ လက်ပစ်ဗုံး ကိုင်ထားတဲ့ စစ်ခွေးရဲ့ ခြိမ်းခြောက်မှု။ မရှုနိုင် မကယ်နိုင် ကယ်တင်ခြင်း။ အံ့သြတုန်လှုပ်ဖွယ် မိခင်မေတ္တာရဲ့ ပေးဆပ် စွန့်လွှတ်ခြင်း။ ပြင်းထန်သော ဒဏ်ရာ အနာတရများရဲ့ ထုထည်နက်ရှိုင်းမှု။ သူမ သစ်ပင်ပေါ်မှာ စိတ်ဒဏ်ရာများ ကြိုးဆွဲချ သေဆုံးနေ။ ချောက်လှန့်မှုဟာ အရိပ်လို သွေးကြောထဲ စွဲကပ်နေသော နာတာရှည် ရောဂါနဲ့။
သူမ ပြေးထွက်ခဲ့။ လွတ်မြောက်ခြင်း လမ်းပြကြယ်နီများရဲ့ ဦးဆောင်ရာဆီသို့။တောတောင် သစ်တောများရဲ့ တော်လှန်သော ရင်ခွင်ဆီ။ လက်နက်ကိုင် တိုက်ပွဲများနဲ့ အပန်းဖြေတတ်ခဲ့။ နာကျည်းချက်များဟာ အခက်အခဲကို လက်ဆွဲနှုတ်ဆက်ခဲ့။
အခု သူမ အိမ်ကလေးဆီ သူမ ပြန်ရောက်နေပြီ။ သူမ မြို့ကလေးကို သူမ ကာကွယ်စောင့်ရှောက်တတ်နေပြီ။ အတိတ်က နေရာဟောင်းမှာ ရပ်တည်ရဲခဲ့ပြီ။ ပတ်ဝန်းကျင် အသိုင််းအဝိုင်းကတော့ လိုတမျိုး၊ မလိုတမျိုး ဗမာပီပီ မေးငေါ့နေဆဲ။
နေ့ပေါင်းများစွာ။ ည ပေါင်း များစွာ။ လပေါင်းများစွာ။ မျက်ရည်ထက် ပိုမို ကြေကွဲ ဝမ်းနည်းဖွယ် သနားစဖွယ် မျက်ရည်များ။ ရင်ကွဲ ပက်လက် လူမသိ သူမသိ ရှိုက်သံပြင်းပြင်းများ။ ရင်ကွဲသံများဟာ တဘဝလုံးမှာ အက်ကွဲလို့။ အမှောင်မှာ ဖုံးလွှမ်းနေသော စစ်ခွေးရဲ့ စိတ်ကစဥ့်ကလျားဟာ အမြဲလိုလို နှိပ်စက်နေတုန်း။
ကြွေသွားတဲ့ သစ်ရွက်ကလေးတွေကို မေးကြည့်မိတယ် သူတို့ဟာ သစ်ပင်တွေဆီ ပြန်မလာကြတော့ဘူး။
ကျမ ဒီအကြောင်းတွေ ပြောပြမိတိုင်း
ရွံလို့
ပျို့ပျို့တက်လာပြီး အန် ချင်လာတယ်။
ရေးသားသူ-မင်းသက်ဇဥ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#အက်ဆေး #အမျိုးသမီးအခွင့်အရေး #လူ့အခွင့်အရေး