

ဇူလိုင် ၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်တရားရုံးကနေ ဇွန်လ ၃၀ ရက်နေ့တရက်တည်းမှာပဲ အမျိုးသား (၅) ဦးကို သေဒဏ်တွေချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီသေဒဏ်ချမှတ်ခံလိုက်ရသူတွေကတော့ ပန်းတောင်းမြို့နယ်ထဲက (၂) ဦးနဲ့ ပြည်မြို့နယ်ထဲက (၃) ဦးဖြစ်ပြီး မတူညီကြတဲ့အမှုဖြစ်စဉ် (၃) မှုမှာ လူသတ်မှုကိုကျူးလွန်ခဲ့ကြသူတွေလို့ စစ်ကောင်စီသတင်းချန်နယ်တွေက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပုသိမ်-မုံရွာလမ်းပေါ်မှာ ဆိုင်ကယ်ကယ်ရီသမားဦးအေးမြင့်(၆၇ နှစ်) ကို စတီးဓါးဖြင့်(၄) ချက်ထိုးပြီး ဆိုင်ကယ်လုယူသွားသူ မြတ်နိုးဦး(ခ)မင်းသူ နဲ့ မင်းမင်း တို့ကို ပုဒ်မ ၃၀၂(၁)(ခ)အရ သေဒဏ်၊ ပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ်စီ ကျခံစေရန် ပြည်ဒုခရိုင်တရားသူကြီးဒေါ်မေကဆုန် က အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
အလားတူ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ပြည်မြို့နယ် နဝင်းကွက်သစ်(၃) လမ်းရှိ “Family” စားသောက်ဆိုင် မှာ အလုပ်လုပ်သူ သူရိန်(၂၁)နှစ် ကို သတ်ကာလုယက်မှုကျူးလွန်ခဲ့ကြတဲ့ ခေတ္တရာမြို့သစ်နေထိုင်သူ ရဲလင်းအောင် နဲ့ ဘုန်းမြင့်လင်း(ခ)ဘုန်းကြောင် တို့ကို ပုဒ်မ- ၃၉၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ- ၃၀၂(၁)(ဂ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ကလည်း ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရတနာဒီပလမ်း၊လေးထပ်ပြင်ဘုရားဝန်း၏ မြောက်ဘက်ကျွန်းစိုက်ခင်းထဲမှာ မတင်ဇာလှိုင် (၄၀) နှစ် ကို သတ်ခဲ့သူ ကျော်လင်းထွန်း (ခ) ဝတုတ်အား ပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်ပါတယ်။
“တရားခံက လူတဦးကို သတ်သင့်/မသင့် အချိန်ယူစဉ်းစားတယ်။ သတ်မယ်လို့ ဆုံးဖြတ်တယ်။
ဒီဆုံးဖြတ်ချက်အတိုင်း သတ်လိုက်တယ်ဆိုရင် တင်ကူးကြံရွယ်ချက်နဲ့ လူသတ်မှု့ ကျူးလွန်ရာရောက်တယ်။ ခရိုင်အဆင့်ကအမိန့်ချမှတ်နိုင်တယ်” လို့ အမှုနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေအမျိုးသမီးတဦးက ဒို့ပြည် ကိုပြောပါတယ်။
ပုဒ်မ- ၃၀၂(၁) (က)(ခ)(ဂ) ကိုကျူးလွန်ရင် သေဒဏ်ရမယ်လို့ ဥပဒေမှာပြဌာန်းထားပြီး ၃၀၂(၁) (ခ) မှာ တင်ကူးကြံရွယ်ချက်နဲ့ လူကိုသတ်ရင် လို့သတ်မှတ်ထားသလို ၃၀၂(၁) (ဂ) ထောင်(၇)နှစ်ကျနိုင်တဲ့ အမှု့ကျူးလွန်နေစဉ် လူကို သတ်ရင် (သေဒဏ်) ချ မှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ် လို့ သူက ဆက်ပြောပါတယ်။
“တင်ကူးကြံရွယ်ချက်ဆိုတာက လူသတ်မှု တစ်ခုကို တင်ကူးကြံရွယ်ချက်နဲ့ ပြုလုပ်တာ ဟုတ်/မဟုတ် ဆိုတာ အမှု့မှာ ပေါ်ပေါက်တဲ့ အခြေနေ အပေါ် မူတည်တယ်။ တရားခံက လူတစ်ဦးကို သတ်သင့်/မသင့် အချိန်ယူစဉ်းစားတယ်။ သတ်မယ်လို့ ဆုံးဖြတ်တယ်။ ဒီဆုံးဖြတ်ချက်အတိုင်း သတ်လိုက်တယ်ဆိုရင် တင်ကူးကြံရွယ်ချက်နဲ့ လူသတ်မှု့ ကျူးလွန်ရာရောက်တယ်။” လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
သေဒဏ်အမိန့်တွေကို ဆက်တိုက်ချမှတ်နေမှုမှာ ရှားရှားပါးပါးဖြစ်ပြီး ဒီအမှုတွေအတွက် အယူခံအဆင့်ဆင့်ကိုလည်း တက်ရောက်နိုင်ပေမဲ့ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်ပေးလို့မရဘူးလို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay