ပဲခူးတိုင်းအနောက်ခြမ်း လောင်စာဆီရောင်းချခွင့်ကိုကန့်သတ်၊

ဆီဆိုင်(၂၀) ကျော်အဝယ်အော်ဒါ(PO) အပိတ်ခံရ

ဇူလိုင် ၁၂၊ ၂၀၂၅။

ပဲခူးတိုင်း(အနောက်ခြမ်း)အတွင်း လောင်စာဆီတင်သွင်းရောင်းချခွင့် ကို စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဆီဆိုင်လုပ်ငန်းရှင်တွေကို အပတ်စဉ် ကြာသာပတေးနေ့တိုင်း ချထားပေးနေကြဖြစ်တဲ့ တပတ်တာ အဝယ်အော်ဒါ (Purchase Order-PO system) ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့(ကြာသပတေး) က ထုတ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီလိုထွက်မလာတဲ့အတွက် ဆီဆိုင်တွေဆီတင်သွင်းခွင့်မရခဲ့ဘဲ အချို့ဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုနဲ့ကြုံခဲ့ကြရတယ်လို့ ဆီလုပ်ငန်းနဲ့နီးစပ်သူတွေဆီကနေ ဒို့ပြည်က စုံစမ်းသိရပါတယ်။

“ဆီဆိုတာခွဲတမ်းနဲ့ရတာ တပတ်ကိုတခေါက် PO ချပေးတယ်ဆီဆိုင်တွေကို အဲဒါမှ အဲဒီအပတ်အတွက် ဆီဘယ်အမျိုးအစား ဘယ်လောက်ဝယ်ရမယ်ဆိုပြီး ချပေးတာ။ အဲဒီ PO ကပြီးခဲ့တဲ့ တပတ်ပေါ့နော် အခုကြာသပတေး မဟုတ်ဘူး ထွက်ရမဲ့ PO ကထွက်မလာဘူး အဲမှာစပြီး ကပြောင်းကပြန်ဖြစ်တာပဲ” လို့ ဆီလုပ်ငန်းနဲ့နီးစပ်သူတဦးက ဒို့ပြည် ကိုပြောပါတယ်။

ပိတ်ပင်မှုကို ပဲခူးတိုင်းအနောက်ခြမ်းကိုသာ ပြုလုပ်ခဲ့တာဖြစ်ပြီး မင်းလှတိုက်ပွဲ၊ ပေါက်ခေါင်းတိုက်ပွဲတွေအပါအဝင် PDF တွေစိုးမိုးလာမှုနဲ့ တိုက်ပွဲတွေကို ထိန်းချုပ်လို၍ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

“တပတ်အပိတ်ခံရပြီး အခုတပတ်တော့ PO ပြန်ထွက်လာတယ်။ ဒါပေမဲ့ ဆီဆိုင် ၂၀ ကျော်အပိတ်ခံလိုက်ရတယ်။ ဆီခွဲတမ်းမချပေးတော့ဘူး။” လို့ ဆီလုပ်ငန်းနဲ့နီးစပ်သူက ဆက်ပြောပါတယ်။

အပိတ်ခံရတဲ့ ဆိုင်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆီရောင်းချပေးတာလို့ စစ်ကောင်စီဘက်က သုံးသပ်ထားပြီး တကယ်ရောင်းချပေးတာရှိမရှိကတော့ မသေချာဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ပဲခူးတိုင်းတတိုင်းလုံးကို လောင်စာဆီတင်သွင်းရောင်းချခွင့် ပိတ်ပင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စစ်ဆေးကာပြန်ချပေးခဲ့တာလို့ ဆိုပါတယ်။

“အဲလိုပိတ်လိုက်တာက ပိုက်ဆံရှိတိုင်းလည်း ဝယ်လို့မရဘူး။ သူတို့ကစနစ်ကြီးတခုလုံးကို အလုံးစုံထိန်းချုပ်ထားတာ။ ပြည်သူကကြတော့ ဆီဆိုင်လုပ်ငန်းရှင်တွေက စျေးကစားချင်လို့ မရောင်းပေးချင်လို့ ပိတ်တာလို့ ထင်ကြတယ်။ ရန်တိုက်ပေးနေသလိုဖြစ်တယ်။ တကယ်ကမရောင်းချင်တာမဟုတ်ဘူး ဆီကရှိကိုမရှိတာ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ညကစပြီး ပြည်မြို့မှာတော့ ဆီဆိုင်တချို့ပိတ်သွားခဲ့ပြီး ဒီနေ့ဇူလိုင် ၁၂ ရက်နေ့မှာတော့ ပြန်လည်ဖွင့်လှစ်ရောင်းချပေးနေပြီလို့ ဆိုပါတယ်။

“New Day ကဒီနေ့လည်မှာ ပြန်ရောင်းတာတွေ့တယ်” လို့ ပြည်မြို့ခံအမျိုးသမီးတဦးက ဒို့ပြည်ကို ဒီနေ့ ညနေမှာပဲ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက လောင်စာဆီတင်သွင်းရောင်းချခွင့်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး တင်သွင်းချင်သလောက်တင်သွင်းခွင့်မရတဲ့အတွက် ဆီဆိုင်တချို့မှာ ဝယ်လိုအားများတဲ့အချိန်တွေမှာ ဆီပြတ်လပ်မှု ဖြစ်တတ်တဲ့အတွက် ဆိုင်ပိတ်ထားရတာမျိုးတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအတွင်းမှာတော့ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၂၆၄) ဆိုင်ရှိပြီး လက်ရှိ လောင်စာဆီ 92- ၁လီတာ ၃၁၀၀ ကျပ်နဲ့ 95- ၁လီတာ ၃၂၀၀ ဝန်းကျင်မှာရှိနေပါတယ်။

ပုံစာ-ပြည်မြို့ New Day ဆီဆိုင်မှာတန်းစီဝယ်နေကြတဲ့ မြို့ခံတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာကတွေ့ရစဉ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

 

 

 

 

You may also like these