

🟥 စစ်ကောင်စီကို ပြန်လည်တော်လှန်သွားမယ်
ဇူလိုင်လ ၁၃၊ ၂၀၂၅။
မကွေးတိုင်းနဲ့ ရခိုင်ပြည်အစပ် စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်း ကို ပို့ဆောင်ခံရတဲ့ စစ်မှုထမ်းတပ်သားသစ် ကိုမောင်(အမည်လွှဲ) အသက် ၂၄ နှစ် ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန သရက်ခရိုင်တပ်ရင်း-၄ ကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
သူနဲ့အတူ MA1 (၁)လက်၊ MA ကျည်ဘောက် (၃)ခု ၊ 5.56 ကျည် (၁၀၀)တောင့် ၊ အီကွယ်မန့် (၁) ခုတို့ ကို ယူဆောင်လာတဲ့အတွက် ဆုကြေးငွေသိန်း(၃၀) ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်သား ကိုမောင် ဟာ ရှေ့တန်းမှာ ကင်းတာဝန်ကျနေချိန် သရက်ခရိုင်တပ်ရင်း-၄ ကိုချိတ်ဆက်ပြီး ဇွန်လ ၂၅ ရက်နေ့က အလင်းဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
“သူက ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဉ်(၉) မှာ တက်ရောက်ခဲ့ရတာပါ။ အခုသူကတော့ ကျနော်တို့တပ်ရင်းတပ်ဖွဲ့ထဲမှာ ရှိနေပြီးတော့ စစ်ကောင်စီကိုဆက်လက်တော်လှန်သွားဖို့ပါ” လို့ သရက်ခရိုင်တပ်ရင်း-၄ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ် က ဒို့ပြည် ကိုပြောပါတယ်။
တပ်သားကိုမောင်ကို စစ်ကောင်စီတပ်ဖွဲ့တွေက သရက်မြို့ကနေ စစ်မှုထမ်းဖို့အတွက် မတရားဖမ်းဆီးပေါ်တာဆွဲခေါ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ သရက်ခရိုင်အမှတ်-၄ တပ်ရင်းကို လက်နက်နဲ့ အလင်းဝင်လာသူ (၃) ဦးထိ ရှိပြီးစစ်ကောင်စီလက်အောက်ကနေ ပြည်သူ့ဘက်ကို ကူးပြောင်းအလင်းဝင်လိုသူတွေကို အကောင်းဆုံးချိတ်ဆက်ခေါ်ယူပေးနေတယ်လို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay