ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်နေတာ (၂) ရက်ရှိလာပြီ ဖြစ်ပါတယ်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတွေထဲကို ပစ်ခတ်ခဲ့လို့ ကြို့ပင်ဝိုင်းအုပ်စု၊ လွှစင်ရွာက အသက်(၄၀) ကျော် လူလတ်ပိုင်းအမျိုးသား(၂) ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“သေဆုံးသူနှစ်ဦးကိုအတည်ပြုနိုင်ပြီ။ နောက်နှစ်ဦးကိုတော့ အတည်ပြုလို့မရသေးဘူး။ ပစ်သတ်တယ်လို့သတင်းကြားပြီးပြီ သေဆုံးသူကိုမမြင်ရသေးတော့ အတည်ပြုလို့မရသေးဘူး။ နှစ်ယောက်ကတော့ အလောင်းကိုမြင်ပြီးပြီ” လို့ ဒေသခံအမျိုးသမီးတဦးက ဒီနေ့ နံနက် ၉ နာရီခန့်မှာပဲ ဒို့ပြည် ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဖျောက်ဝင်ရောက်လာတာဖြစ်လို့ ဒေသခံတွေဟာရှောင်တိမ်းချိန် မရဘူးလို့ ဆိုပါတယ်။
“သူတို့က ရွာထဲကိုဝင်တဲ့အခါမှာ အရင်လိုပေါ်ပေါ်ထင်ထင်ဝင်တာမဟုတ်ဘဲနဲ့ တပ်ဖျောက်ပြီးဝင်တော့ မြင်ကာမှ ဝရုန်းသုန်းကားထပြေးရတာ။ အရင်တုန်းက ပေါ်ပေါ်ထင်ထင်ဝင်တော့ ဒီစစ်ကြောင်းကဘယ်ရောက်ပြီဆိုပြီးရှောင်ကြတာကို အခုက တပ်ဖျောက်ပြီးဝင်လာတော့ သူတို့မြင်ခါမှ ပြည်သူတွေက ထပြေးတော့ နောက်ကနေ ပစ်သတ်လိုက်တာလို့ ကြားပါတယ်။” လို့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
သေဆုံးသူ(၂) ဦးရဲ့ အလောင်းတွေကို ပြန်ယူလို့မရသေးတဲ့အတွက် နာရေးလည်းလုပ်လို့မရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရသူ(၂) ဦးလည်း ရှိတယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက်ကတော့ မနေ့က ရှိတဲ့ ကြို့ပင်ဝိုင်းအုပ်စု ကျောင်းကုန်းရွာမှာပဲ ရှိနေတယ်။ မနေ့ကစျေးဆိုင်အိမ်တွေကိုတော့ တံခါးတွေရိုက်ချိုးပြီး ပစ္စည်းတွေယူတယ်။ ပစ္စည်းရှိတဲ့အိမ်တွေ ဥပမာ ရေခဲသေတ္တာတို့ သယ်တယ်။ ဒီနေ့မနက်ကတော့ အဲရွာကိုပဲမွှေနေတယ် ဘယ်ကိုမှ မထွက်သေးဘူး” လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကြို့ပင်ဝိုင်းအုပ်စု၊ ရွာမရွာ၊ လွှစင်ကုန်း၊ ကျောင်းကုန်း၊ ငှက်ပျောတော ရွာတွေက ဒေသခံ ၄၀၀ ခန့် အရေးပေါ်ရှောင်တိမ်း နေရပါတယ်။
ပုံစာ- စစ်ကြောင်းထိုးလို့ အရေးပေါ်ရှောင်တိမ်းရသူတွေကို ဇူလိုင်လ ၁၅ ရက်နေ့ကတွေ့ရစဉ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay