ပေါက်ခေါင်း ခလရ(၅၃) က တပ်သား(၂) ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ၃၆၀၁ တပ်ရင်းဆီ အလင်းဝင်

ဇူလိုင် ၁၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ခလရ(၅၃) က တပ်သား(၂) ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁)ကွပ်ကဲမှု့အောက်ရှိ ၃၆၀၁ တပ်ရင်း ဆီ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ(၂) ဦးမှာ (၁) ဦးက တာဝန်ထမ်းဆောင်နေတာ ကြာပြီဖြစ်တဲ့ တပ်သား(၁) ဦးဖြစ်ပြီး ကျန်(၁) ဦးကတော့ စစ်မှုထမ်းတပ်သားသစ် ဖြစ်တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော်Shadow က ဒို့ပြည် ကိုပြောပါတယ်။

“ကျနော်တို့အင်တာဗျူးတာ။ စစ်ဆေးချက်တွေလုပ်ဆောင်နေပါပြီ။ စစ်ဆေးချက်လုပ်ဆောင်တဲ့နေရာမှာ တဦးကတော့ စစ်မှုထမ်းတဦးကတော့ စစ်လုပ်သက်ရင့် ၁၉ နှစ်လောက်ရှိပြီပေါ့” လို့ တာဝန်ခံရဲဘော်Shadow က ပြောပါတယ်။

အဲဒီ(၂) ဦးဟာ ဇူလိုင်လ ၉ ရက်နေ့က အလင်းဝင်ရောက််လာတာဖြစ်ပြီး သူတို့နဲ့အတူ MA4-(၁) လက်၊ MA3-(၁)လက်၊ 5.56ကျည်-(၃၈၄)တောင့်၊ 40mm ဗုံးသီး-(၁၆)လုံး၊ လက်ပစ်ဗုံး-(၁)လုံး၊ကျည်ဘောက်(၈) ခု တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“နှစ်ယောက်စလုံးကတော့ စစ်ကောင်စီကို ပြန်လည်တွန်းလှန်သွားမယ်လို့ ပြောပါတယ်။ ကျနော်တို့ဆီမှာ အလင်းဝင်လာတာ စစ်ကောင်စီတပ်သား (၁၀) ဦးလောက်ရှိသွားပြီ” လို့ တာဝန်ခံရဲဘော်Shadow က ဆက်ပြောပါတယ်။

လက်နက်တွေနဲ့အတူ အလင်းဝင်လာကြသူတပ်သား(၂) ဦးကိုတော့ ၃၆၀၁ တပ်ရင်းက ကျန်းမာရေးစောင့်ရှောက်မှု့ပေးတာ၊ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၇၀) ချီးမြှင့်တာအပြင်၊ ပြည်သူတွေကလည်း ငွေကျပ်(၁၀)သိန်း ဂုဏ်ပြုချီးမြှောက်ခဲ့တယ်လို့ သိရပါတယ်။

ထပ်မံပြီးလက်နက်နဲ့ တကွ အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ၃၆၀၁ တပ်ရင်းက ထိုက်တန်စွာချီးမြှင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these