စိန်လက်နဲ့ မဲပေးရတော့မယ့် မအလတို့ ရွေးကောက်ပွဲ

(သရော်စာ)

ဇူလိုင် ၂၀၊ ၂၀၂၅။

ဘာလိုလိုနဲ့ ၂၀၂၅ဆိုတဲ့ နှစ်တစ်နှစ်ကြီးတောင်မှ ထက်ဝက်ကျိုးလို့ တစ်လတိုးခဲ့မှကိုး။ မလုပ်ရဲတာဘာမှမရှိဆိုတဲ့ ကြွေးကြော်သံကြီးနဲ့ ပြည်သူ့အာဏာကို မလိမ့်တပတ်လုယူခဲ့တဲ့ စကစအဖွဲ့ကြီးရဲ့ စကားနောက်ကပါလာတဲ့တရားတွေကတော့ “လူ” တွေမှဟုတ်ပါလေစလို့မေးခွန်းထုတ် လာရတော့တဲ့အထိပါပဲလေ။ ကြဲလိုက်တဲ့ဗုံး ဆွဲလိုက်တဲ့ပေါ်တာ ပျက်လိုက်တဲ့မီး တက်လိုက်တဲ့ အထွေထွေဈေးနူံး။ စကစ လက်အောက် ဗမာနိုင်ငံမှာ ကျတာဆိုလို့ ငွေတန်ဖိုးနဲ့လူထုစိတ်ဓာတ်ပဲ ဖြစ်မယ်ထင်ရဲ့။

ဂလိုအခြေအနေဆိုးကြီးထဲ ရွေးကောက်ပွဲဆိုတဲ့ အသံကညံထလာပြန်ပေါ့။
တော်လှန်ပြည်သူများဘက်မှာ ကျပြန်တော့ ဓာတ်ရှင်မင်းသားနဲ့အဆိုကျော်၊ ဒေါက်တေနဲ့ နုဂျီ အသံတွေ ထွက်နေကြပြန်​။

မအလရဲ့ ရွေးကောက်ပွဲ ထိုးဇာတ်မှာပါဝင်ကပြ အသုံးတော်ခံကြမယ့် ပါတီဆိုတာတွေလည်း တရွရွ။ ၁၈ ဇူလိုင်ခေတ်သစ်သတင်းထဲမတော့ မအလကြီးက ဘောင်းဘီဝတ်ပြီးတိုင်းပြည်ကို ဒုက္ခပေးရတာ အားမရရှာဘူးထင်ပါရဲ့။ အခုသူကိုယ်တိုင်လုပ်မယ့် ရွေးကောက်ပွဲအပြီးမှာ သမ္မတကြီးလုပ်ဦးမလို့ဆိုပါလား။ တိုက်ပုန်းနဲ့လုံချည်းနဲ့ဝတ်ပြီး တိုင်းပြည်ကို ဒုက္ခပေးမယ် သတင်းထွက်နေပါလား။

အခု စကစလုပ်မယ့်ရွေးကောက်ပွဲမှာ “စိန်လက်”နဲ့မဲပေးရမှာဆိုပါလား။ မဲပေးသူဟာ ဘယ်သူ့ကိုပဲ မဲပေးပေး စခန်းသိမ်းရင်တော့”ပွရီး” မဲအသာပဲဆိုတဲ့စနစ်တဲ့လေ။ လူနဲ့လိမ်စရာမလိုတော့ပဲ စက်နဲ့လိမ်တော့မှာမို့”စိန်လက်” နဲ့ မဲပေးကြရမှာလို့ ပြောတာပါ။

ဇေယျတုအထင်ပြောရရင်တော့ မအလဟာ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်တော့မှာပါ။ရွေးကောက်ပွဲဟာတရားမျှတတာတွေ၊ အားလုံးပါဝင်တာတွေလာမပြောနဲ့။ အာဆီယံတဖွဲ့လုံးက မအလရဲ့ ရွေးကောက်ပွဲကိုလက်သင့်မခံပါဘူး ဘယ်လို့ပြောပြောလုပ်ကို လုပ်မယ့်သဘော။

ဗမာပြည်နဲ့ဗမာစစ်တပ်ရဲ့ ကရွတ်ကင်းရှောက်ထိုးဇာတ်။ အခုဆိုရင် မအလတို့ရဲ့ခေါင်းကိုင်ဖခင် တရုတ်ကြီးက မအလရဲ့ရွေးကော်အဖွဲ့ကြီးကိုတောင် တရုတ်ဆီကိုခေါ်သတဲ့။ ဖောင်းတော်ငြိမ့် ပါတီတွေလည်း ခနခနခေါ်တွေ့နေ ပြန်သတဲ့။

ဘောင်းတော်ငြိမ့် ပါတီတွေကလည်း စည်းရုံးရေးကာလမဟုတ်ပေမယ့် ကြုံသလိုတော့ အာနေကြတာပေါ့လေ။ ရွေးကောက်ပွဲကိုပူးပေါင်းကြပါ။ ရွေးကောက်ပွဲပြီးလို့ အနိုင်ရပါတီကိုအာဏာလွှဲပေးလိုက်ရင် အရင်လိုအေးဆေးဖြစ်သွားမှာပါ ဆိုတာမျိုး အားကိုးလောက်ဖွယ်တွေပြောနေကြတယ် ဆိုပါလား။

ခေတ်သစ်သတင်းထဲမတော့ ကြံ့ဖွံ့ပါတီကစည်းရုံးရေးဆင်းတာမှာ ဘုရားဆင်းတုတွေကိုလက်ဆောင်ပေးနေတယ်ဆိုပါလား။ လှိုင်သာယာဘက်မှာတဲ့လေ။ ဘုရားရှင်တွေလည်းအသင်္ချေနဲ့ချီပြီး ပါရမီဖြည့်ခဲ့ရတာ မအလတို့ အာဏာရူးအဆက်ဆက်အတွက် လက်ဆောင်ပေးစရာဖြစ်နေပါလား။ ၂၄ပစ္စည်းတွေလည်း ဗုံးသီးတွေပေါ်ရောက်လို့ ရောက်ပေ့ါလေ။

မအလရဲ့ ရွေးကောက်ပွဲမှာပါဝင်မယ့် ပါတီတွေဟာ NLD ပါတီနဲ့ယှဥ်ပြိုင်စဥ်ကခွက်ခွက်လန်အောင်ရှူံးခဲ့ကြလို့ မနာလိုဝန်တိုမှုတွေ တနင့်တပိုးနဲ့ မအလကိုအာဏာသိမ်းဖို့တောင်းပန်ခဲ့ကြရတယ်။ မဲမသမာဘူးဘာညာပေါ့။ ဟော အခု မအလပွဲကျတော့ ကျားလည်းကြောက်ရ၊ ကျားချေးလည်းကြောက်ရဖြစ်ရပြန်ပေါ့။ အရပ်သား အာဏာတစ်စိတ်တဒေသရတာကို မနာလိုကြတာကိုးဗျ။

အခုကျတော့ မအလကြီးက ရွေးကောက်ပွဲကို နှစ်ကုန်ပိုင်း ဒီဇင်ဘာနဲ့ဇန်နဝါရီမှာ လုပ်မယ်လောက်ပဲ အနံ့ပေးထားတာ။ ဘာမှန်းမသိသေးဘူး။

ဆိုဗီယက်ဟာသလေးတစ်ခုလိုပေါ့။ တခါတော့ ဘူတာတစ်ခုမှာ ရထားတစ်စင်းကထွက်တော့မလို့ ဥဩဆွဲပြီပေ့ါလေ။ အဲဒီအချိန်လူတစ်ယောက်က ရေးကြီးသုတ်ပြာနဲ့ လက်မှတ်ရောင်းတဲ့နေရာရောက်လာပြီး လက်မှတ်ဝယ်သတဲဲ့။ လက်မှတ်တစ်စောင်ပေးပါဆိုတော့ အရောင်းသမားက ဘယ်ကိုသွားဖို့လဲလို့မေးတာပေါ့။ အဲဒီမှာရေးကြီးသုတ်ပြာ ကဘယ်သွားသွားမင်းသိဖို့မလိုပါဘူး။ ဟိုမှာရထားကထွက်တော့မှာ လက်မှတ်တစ်စောင်သာအမြန်ပေးစမ်း ပါလို့ပြောသတဲ့။ ရောက်ချင်တဲ့နေရာရောက် ရထားပေါ်ရောက်ဖို့အဓိက ဆိုတဲ့သဘော။ ရထားပေါ်ရောက်မှကြုတ်ကြက်လိမယ့် အနေအထားထင်ပါရဲ့။

မအလကြီးရဲ့ ဘောင်းတော်ငြိမ့် ပါတီတွေလည်း ရထားပေါ်ရောက်ရေး အဓိကလို့ တွေးနေကြပုံပါပဲ။ ဗမာ့အနာဂတ်ကို ထုဆစ်ပုံဖော်ကြမယ် အာဂ ပါတီများပါတကား။

ရေးသားသူ- ဇေယျတု

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these