အာဏာသိမ်းစစ်ကောင်စီရဲ့တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး တောင်ကိုရီးယားနိုင်ငံမှာ ဆန္ဒပြ

ဇူလိုင် ၂၁၊ ၂၀၂၅။
 
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီကနေ ညနေ ၄ နာရီအထိ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲ၊ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့တာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
 
အဲဒီလှုပ်ရှားမှုတွေကိုတော့ တောင်ကိုရီးနိုင်ငံသမ္မတရုံးနဲ့ မျက်နှာချင်းဆိုင်၊ စစ်သမိုင်းပြတိုက် ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နေ့လည် ၁ နာရီကနေ ၂ နာရီအထိ သတင်းရှင်းလင်းပွဲကိုပြုလုပ်ခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC) ဆီက သိရပါတယ်။
 
သတင်းရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံရေးအခြေအနေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သားပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်များအရေး နဲ့ တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံတကာက စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ နည်းလမ်းမျိုးစုံနဲ့ ပိတ်ဆို့အရေးယူဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။
 
“တောင်ကိုရီးယားရောက်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကလုပ်မဲ့ မတရားရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုံးဝအလိုမရှိဘူး၊ တရားမျှတမှုမရှိဘူး ကျနော်တို့တောင်ကိုရီးယားရောက် ပြည်သူတွေနဲ့ ထောက်ပို့ပြည်သူတွေက လုံးဝလက်မခံဘူး ဆိုတဲ့အကြောင်းကို တောင်ကိုရီးအစိုးရထံကို တောင်းဆိုစာနဲ့အတူ ပေးပို့ခဲ့ပါတယ်။” လို့ ဆန္ဒပြပွဲဦးဆောင်သူများထဲမှ တာဝန်ခံ တဦးဖြစ်သူ MFDMC ရဲ့ အတွင်းရေးမှူးကိုလင်းအိမ် က ဒို့ပြည် ကို ပြောပါတယ်။
 
သတင်းစာရှင်းလင်းပွဲအပြီး မြန်မာ့အရေးတောင်းဆိုချက်(၇) ချက်ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို တောင်ကိုရီးယားသမ္မတနိုင်ငံကို တိုက်ရိုက်ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
နေ့လည် ၂ နာရီမှာတော့ သမ္မတရုံးကနေ မြို့လယ်အထိ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုကို ၁ နာရီကျော်ကြာ ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ၊ မြန်မာ့အရေးတောင်းဆိုချက်တွေ ကြွေးကြော်တာ၊ သံပြိုင်ရွတ်ဆိုတာတွေကို ပြုလုပ်ကြသလို ကြွေးကြော်သံဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆွဲချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ဒီလှုပ်ရှားမှုတွေကိုတော့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)၊ မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၊ MFDMC ပူးပေါင်းထောက်ပို့အဖွဲ့အစည်း ၂၂ ဖွဲ့ နဲ့ မြန်မာဒီမိုကရေစီအရေးအားပေးထောက်ခံတဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး တက်ရောက်ပူးပေါက်းသူ အင်အား ၂၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 
 
 

You may also like these