သာယာဝတီခရိုင်မှာ တိုက်ပွဲတွေဆက်ဖြစ် သေဆုံးများခဲ့တဲ့ စစ်တပ်က ရွာမီးရှို့ လူသားဒိုင်းလုပ်

ဇူလိုင် ၂၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ နဲ့ ဇီးကုန်းမြို့နယ် ထဲက ပဲခူးရိုးမအစပ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ တပ်ဖွဲ့တွေက သတင်းထုတ် ပြန်ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ်မှာ အင်အား(၁၀၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF ရဲဘော်တွေက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား(၅) ဦးနေရာမှာပဲ သေဆုံး၊ (၃) ဦးဒဏ်ရာရခဲ့ပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံ(၅) ဦးကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်မှာတော့ တိုက်ပွဲဖြစ်ပွားရာအနီးက ကြို့ကိုးပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အလားတူ ဇီးကုန်းမြို့နယ်၊ အရှေ့ဘက် တံမကြီးရွာ၊ ဒေါးကျော်ရွာ၊ ရေတာရှည်ရွာတို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-(၃) နတ်စစ်သည်နဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြု တပ်ဖွဲ့တို့က တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁၃ ဦးထိမှန်ပြီး ၇ ဦးနေရာမှာ သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မင်းလှမြို့နယ် ပဲခူးရိုးမ၊ စပါးကြီးချောင်းထဲမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက သွားရောက်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲမှာတော့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ခန့်က ခါချဉ်တောင်ပေါ်ကို စစ်ကြောင်းထိုးလာရာ ၄၈ပေါက်၊ ဥတလုံးတောင် နဲ့ ခါချဉ်တောင်တို့မှာ ညနေ ၄ နာရီအထိ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုတိုက်ခိုက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ခါချဉ်တောင်စခန်းကနေ ဆုတ်ခွါပေးခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ၅၀ ကျော်သေဆုံးကာ တော်လှန်ရေးတပ်သား ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ဆိုင်ကယ်(၂) စီး၊ မိုးကာ၊ ဆိုလာပြား၊ ဆန်အိတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပဲခူးရိုးမထဲကို ဖြန့်ကျက်လှုပ်ရှားလျှက်ရှိပြီး ပြည်ခရိုင် ပဲခူးရိုးမထဲမှာလည်း ထိတွေ့တိုက်ပွဲတချို့ရှိကာ ကျေးရွာဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these