အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ၁၅ နာရီ (ရုပ်သံ)

ဇူလိုင် ၂၃၊ ၂၀၂၅။

လည်ပင်းကိုဖောက် နံကြားကိုထောက်ထားတဲ့ကျည်နဲ့ နာရီပေါင်း ၁၅ နာရီကြာအောင် ခရီးလမ်းကြမ်းကိုဖြတ် ဆေးကုဖို့သွားရင်း ပြန်လည်ရှင်သန်ခဲ့တဲ့ ရဲဘော်ဟာ အညာမြေတပ်ပေါင်းစု ကပါ။

အသက်(၂၈) နှစ်ရှိပြီဖြစ်တဲ့ ရဲဘော်ဟာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၅ နာရီမှာ တိုက်ပွဲအတွင်း လည်ပင်းကိုကျည်ရှပ်မှန်ပြီး နံကြားထဲကို ဖောက်ဝင်သွားတာပါ။

ဒီဒဏ်ရာနဲ့ တိုက်ပွဲထဲကနေ ဆေးကုသဖို့ နေရာကိုရောက်ဖို့ နွားလှည်းစီးခရီး ၁ နာရီအပါ လမ်းကြမ်းကြမ်းမှာ ကုန်တတန်ရေတတန်တောတွေကို ၁၅ နာရီကြာ ဖြတ်သန်းခဲ့ရပါတယ်။

“ပွဲဖြစ်တဲ့နေရာနဲ့နေ့ရက်က မိုးတွေရော ရွာနေတာရောနဲ့ ဆိုင်ကယ်၊ ကားတွေနဲ့ သွားမရ။ ပြီးတော့ လမ်းတွေအနေအထားကလည်း ကားဘယ်လိုမှ သွားမရတော့ လှည်းနဲ့ပဲ ခက်ခက်ခဲခဲ သယ်ရတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ဒို့ပြည် ကိုပြောပါတယ်။

လှည်းစီးခရီးမှာ ဆေးပိုက်တန်းလန်းဆေးသွင်းရင်းက သွေးရဲရဲပတ်တီးဖွေးဖွေးနဲ့ လည်ပင်းဒဏ်ရာနဲ့ ရဲဘော်ကို ရဲဘော်ရဲဘက်တွေက မနားတမ်း အားပေးရင်း သတိပေးနေပါတယ်။ အိပ်ပျော်မသွားဖို့ကိုလည်း အဆက်မပြတ်မှာနေကြရတာပါ။

ဘဝတူရဲဘော်သူငယ်ချင်းတွေပါ အတူပါလာကြတယ်ဆိုတာကိုလည်း နာမည်တွေကိုရွတ်ပြလို့ အားပေးနေကြပါတယ်။ တဖက်မှာတော့ နယ်မြေအခြေအနေနဲ့ အသက်လုနေရတဲ့အတွက် စိုးရိမ်စိတ်တွေဟာ ရဲဘော်တွေရဲ့ အသံကိုဖုံးလွှမ်းစိုးမိုးထားပါတယ်။

တချို့ရဲဘော်တွေကတော့ ခြေလျင်လျှောက်လိုက်ကြရင်း အားပေးနေကြပါတယ်။

ဆေးကုသတဲ့နေရာကိုရောက်ရှိချိန်မှာတော့ ညအချိန်ဖြစ်နေပါပြီ။ ဒဏ်ရာရရဲဘော်ရဲ့ အသက်ကိုဆွဲဆန့်ထားဖို့အတွက် ဆေးဝါးအကူတွေရဲ့ ကျွမ်းကျင်စွာ ပြုစုမှုက အရေးပါသလို အသက်ကိုကယ်နိုင်ခဲ့တာလို့ ကိုဘိုဘိုသန့်ဇင် က ဆက်ပြောပါတယ်။

“လူနာက လှည်းစောင့်ရတဲ့ ဒဏ်တွေတော့ ခံရပါတယ်။ ဆေးဝါးအကူတွေရဲ့ ကျွမ်းကျင်မှုကြောင့် အသက်မဆုံးခဲ့ရတာပါ။” လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီရဲဘော်ဟာ ပြန်လည်သက်သာလာနေပြီလို့ ဆိုပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၄ နာရီကနေစတင်ပြီး မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရွာက ရဲစခန်းကို အညာမြေတပ်ပေါင်းစု နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အများအပြားက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ရဲစခန်းရဲ့ နေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ စစ်ကူတွေရောက်လာတဲ့အတွက် တပ်ပြန်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား(၃) ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရဲဘော်(၂) ဦးသေဆုံးခဲ့ ရပါတယ်။

တော်လှန်ရေးနယ်မြေတွေထဲမှာ ဆေးဝါးကျွမ်းကျင်တဲ့လူတွေနဲ့ ဆရာဝန် လိုအပ်ချက်ဟာ ကြီးမားနေဆဲဖြစ်ပါတယ်။ ဒါအပြင် လုံလောက်တဲ့ဆေးဝါး၊ ကုသရေးပစ္စည်းလိုအပ်ချက်ကလည်း မြင့်တက်နေပါတယ်။

ဆေးနဲ့ဆေးဝါးကျွမ်းကျင်သူ၊ ဆရာဝန် နည်းပါးတဲ့အတွက် တိုက်ပွဲအတွင်းထိခိုက်မှုနဲ့ အကြောင်းအမျိုးမျိုးကြောင့် နာမကျန်းဖြစ်မှုတွေကို ဝေးလံလှတဲ့ ခရီးကြမ်းတွေကိုဖြတ်ပြီး သွားနေကြရပါတယ်။

အချို့လည်း ဒီအခက်အခဲတွေကြောင့်ပဲ အသက်ဆုံးရှုံးမှုတွေရှိနေပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

 

 

 

 

You may also like these