

(သရော်စာ)
ဇူလိုင် ၂၇၊ ၂၀၂၅။
လတ်တလောဖတ်လိုက်ရတဲ့သတင်းတွေအရတော့ ဗကမက ဂွတို တစ်ယောက်နေမထိထိုင်မသာဖြစ်စရာ ကောင်းနေပြီ အရပ်ကတို့။
ဗကမကဂွတိုရဲ့ကလောင်လက်နက်ထက်မြက်မှုသည်ကား လယ်ပြင်မှာဆင်သွားသလိုထင်ရှားမနေပေဘူးလားဟရို့။ လူအောက်ကျို့လို့လူမပိဘူးဆိုတဲ့ ထုံးကိုနှလုံးပိုက်ပြီးကတုံးကတိုက် မြှောက်ထိုးပင့်ကော်ရေးသားပေးပို့လိုက်တဲ့ စာချွန်တော်ကြီးရဲ့အစွမ်းဟာဖြင့်သီတင်း၂ပတ်အကြာမှာ အဖြေပေါ်လာပါချေပြီကော။
ဗကမကဂွတိုတို့ရဲ့မဟာမိတ်ခရိုနီအချို့ကို အမေရိကန်ကြီးက စီးပွါးရေးပိတ်ဆို့မှုကနေလွတ်မြောက်ခွင့်ပေးလိုက်ပြီတဲ့လေ။
ဘယ်လိုသဘောထားနဲ့ လွတ်မြောက်ခွင့်ပေးလိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့်စကစရဲ့သံတမန်ရေးအောင်ပွဲအဖြစ် ဂုဏ်ဆာလို့ရသွားတာတော့ အသေအချာပေါ့။
ဒေါ်နယ်ထရမ့်ဆိုတဲ့ဘဲရီးကတော့ဖြင့် ဗကမကဂွတိုရဲ့မထော်မနန်းမြှောက်လုံးကြီးတွေကို သဘောခွေ့မနောမွေ့သွားတာမဖြစ်တန်ရာဘူး ထင်ပါရဲ့။ တစ်ခုခုသော ကိုယ်ကျိုးကြည့်အကွက်တစ်ကွက်ရှိမယ် ထင်ပါတယ်။
သို့ပေတဲ့ ဗကမကဂွတိုတို့ကတော့ တဆင့်တက်ဖို့ကြိုးစားနေပြီလေ။ အခွန်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆွေးနွေးဖို့အဖွဲ့ကို ပြင်ဆင်ကြပြီလို့ သတင်းဖတ်လိုက်ရသဗျ။
အနီးအနားမှာလည်း ထိုင်းနဲ့ကမ္ဘောဒီးယားစစ်မီးတောက် ငေါက်တောက်ပန်းလို့ပါလေ။
စကစကြီးကတော့ ဗုံးကြဲမပျက်ကြဲနေလျှက်ကပဲ ထိုင်းခမာတို့စစ်ပွဲဟာဆိုရင် ငြိမ်းချမ်းစွာအဖြေရှာကြပါ ဘာညာပြောနေ ပြန်လေသတဲ့။ ဒညင်းသီးကအီး တပြန်ဆိုတာလိုပေါ့လေ။
အခုလတ်တလောကတော့ ကြံ့ဖွတ်ခီရင်ကြီးတို့ကတော့ အောက်လမ်းနည်းအစုံသုံးပြီး ပါတီစည်းရုံးရေး လုပ်နေတာကဟူးနယော့ဟော့ နယူးပေါ့လေ။
ဘယ်လိုပြိုင်ပြိုင် ငါပဲနိုင်ပြိုင်ပွဲကြီးကို တောင်မှရှုံးမှာ ကြောက်တာအာဂသတ္တိပါတကားလို့ဆိုရမှာပေါ့လေ။ ပြိုင်ပွဲဝင် ၅၅ ပါတီရှိတဲ့ဟာမှာ ကြံ့ဖွတ်တစ်ခုပဲ လက်နက်၊ အာဏာ၊ ငွေ အလျှံပယ်ရှိတာလေ။ ကျန်တဲ့ပါတီဆိုတာတွေက အိမ်ဖြည့်။ အဲသလိုအနေအထားမှာ ကြံ့ဖွတ်ခီရင်ကြီးရဲ့NLD ပါတီနာမည်ပျောက်သွားပြီဘာညာဆိုတဲ့ အောက်လုံးကြီးကတော့ အတော်ကိုဆိုးရွားလွန်းပါရဲ့။
သူ့ထက်ဆိုးတဲ့အောက်လုံးကြီးကတော့ ပယောဂကုတဲ့အောက်လမ်းဆရာတွေအတိုင်းပါပဲလေ။ ပယောဂဆရာက သရဲသဘက်မွေးလူနာကိုနှောင့်ယှက်ခိုင်း၊ ပြီးတော့မှဆေးကုစားတဲ့အကွက်။ အခု ကြံ့ဖွတ်ခီရင်တို့လုပ်ပေါက်က မြန်မာလူထုကြောက်လန့်နေတဲ့ စစ်မှုထမ်းပေါ်တာဆွဲတဲ့ကိစ္စ။ အဲဒီပြဿနာကို ကြံ့ဖွတ်ပါတီဝင်လိုက်ရင်ပြေလည်အောင် ဖြေရှင်းနိုင်ပါသတဲ့လေ။ဘယ်လောက်ရွံဖို့ကောင်းတဲ့ လုပ်ကွက်ကြီးလဲ။ အောင်မြတ်သာလာရင် ခီရင်တို့ပွဲပျက်ပါပြီလေနော။
တခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာဝင်ကြေး ဒေါ်လာ ၃၀၀ သတ်မှတ်တော့လူမဝင်ဘူးပေါ့။ နောက်တော့ ၂၀၀၊၁၀၀၊၁၀ထိလျှော့တာတောင်လူမဝင်ဘူးလေ။
ဒါနဲ့အခမဲ့လုပ်ပေးလိုက်တော့မှ လူတွေဝင်လာကြတော့တာပေါ့။ လူတွေအထဲရောက်မှတိတ်တဆိတ်တံခါးကို ပိတ်ချလိုက်တာပေါ့။ ပြီးမှ အသံချဲ့စက်နဲ့သတိပေးတော့တာကိုး။ ခြင်သေ့ကြီးတွေလွတ်လာလို့ ရုံအပြင်ထွက်လိုသူများ ဒေါ်လာ ၅၀၀ ပေးရပါမည်ပေါ့လေ။ အဲဒီအခါလူတွေလည်းအသက်ဘေးအတွက် အောင့်သက်သက်နဲ့ ဒေါ်လာ ၅၀၀ ပေးလိုက်ကြရတာပေါ့။
အခုလည်းကြံ့ဖွတ်ခီရင်တို့ လုပ်ကွက်ကြီးက ပုံပြင်ထဲကလိုဖြစ်လာရင် ခက်ခက်ရချည့်ရဲ့ကွယ်တို့။
ရေးသားသူ-ဇေယျတု
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay